International News

အီလက်ထရောနစ် ဗီဇာမူဝါဒအသစ်သည် MICE ခရီးစဉ် များကို လွယ်ကူချောမွေ့စေ

Last Updated:

    ၂၀၂၃ ခုနှစ် ဩဂုတ်လ၁၅ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော ဗီယက်နမ်နိုင်ငံ၏ e-visa မူဝါဒအသစ်သည် MICE(meetings, incentives, conferences, and events) ခရီးစဉ်များ နှင့် အဖွဲ့လိုက်ခရီးစဉ်များအတွက် နိုင်ငံတွင်းဝင်ရောက်ရန် ပိုမိုလွယ်ကူချောမွေ့စေခဲ့ကြောင်း Vietnam Economic News အွန်လိုင်းသတင်းတွင်ဖော်ပြထားပါသည်။
      မူဝါဒအရ ဗီယက်နမ်နိုင်ငံသည် ခရီးသွားဧည့်သည်များ၏ e-visa သက်တမ်းကို ရက်ပေါင်း ၃၀ မှ ရက် ၉၀ သို့ တိုးမြှင့်ခဲ့ပြီး အချို့သောနိုင်ငံမှ ဧည့်သည်များအတွက် ဗီဇာ ကင်းလွတ် နေထိုင်ခွင့်ကို ၄၅ ရက်အထိ သုံးဆတိုးခဲ့ကြောင်းသိရရှိပါသည်။
    ခရီးသွားဧည့်သည်များ၏ ကြိုတင်ခရီးစဉ်များအားဆောင်ရွက်ပေးနေသည့် ဟိုချီမင်းမြို့မှ Ha Linh က အဆိုပါမူဝါဒသည် ခရီးသွားကုမ္ပဏီများအနေဖြင့် အဖွဲ့လိုက်ခရီးစဉ်များ စီစဉ်ရာ တွင် အဆင်ပြေချောမွေ့စေသည့်အပြင် ခရီးစဉ်ကြိုတင်စာရင်းသွင်းခြင်းနှင့် ခရီးသွားဧည့်သည် များထံမှ သတင်းအချက်အလက်ရယူခြင်းတို့ကို လွယ်ကူချောမွေ့စေသည်ဟု ဆိုသည်။
      ဟိုချီမင်းမြို့မှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ Thanh Dạt က မူဝါဒသစ် စတင်အသက်ဝင် လာသည်နှင့်အမျှ ဗီယက်နမ်သို့ အဖွဲ့လိုက် ခရီးသွားအရေအတွက် သိသိသာသာ တိုးလာ ကြောင်း၊ ဗီဇာမူဝါဒအသစ်သည် ဗီယက်နမ်ခရီးသွားလုပ်ငန်းကဏ္ဍကို ဒေသတွင်းနှင့် ကမ္ဘာပေါ် ရှိ ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များ နှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးသကဲ့သို့ ၎င်းတို့ အတွက် ပိုမိုပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
        Viet Media Travel Corporation ၏ ဒါရိုက်တာဖြစ်သူ Chung Thuy Chau အဆိုအရ ၎င်းမူဝါဒသည် ယခုနှစ် လက်ကျန်လများတွင် အားလပ်ရက် ခရီးသွားများကို ပိုမိုဆွဲဆောင် နိုင်မည်ဖြစ်သကဲ့သို့ ခရီးသွားအေဂျင်စီများအတွက်လည်း ပြည်တွင်းပြည်ပခရီးစဉ်များတွင် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်သာသော အခြေအနေများကို ဖန်တီး ပေးထားကြောင်း သိရှိရပါသည်။
       ဟနွိုင်းမြို့ရှိ ဂျပန်သံရုံးနှင့် ဟိုချီမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့သည် ဗီယက်နမ် ခရီးသွားအုပ်စုများအတွက် တစ်ခုတည်းသော e-visa ကို နိုဝင်ဘာလမှ ၁၅ ရက်အထိ ကာလတို နေထိုင်ရန် မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ e-visa သည် တစ်ဦးချင်း လျှောက်ထားသူများအတွက် ရနိုင်မည်မဟုတ်ပဲ ခရီးသွားကုမ္ပဏီများမှ စီစဉ်သည့် အဖွဲ့လိုက်ခရီးစဉ်များ အတွက်သာ ရရှိနိုင်ကြောင်း သံရုံးက ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။
Saigontourist ၏ဖော်ပြချက်အရ ယခုနှစ် တတိယသုံးလပတ်တွင် ပြည်တွင်း MICE ဝန်ဆောင်မှုများတွင် တစ်နှစ်ထက် တစ်နှစ် ၁၀ ရာခိုင်နှုန်း တိုးလာကြောင်း ၊ ခရီးသွားအေဂျင်စီ သည် ဟိုချီမင်းမြို့တစ်ခုတည်းတွင် ခရီးသွား ၁၆,၇၅၀ ကျော်ပါဝင်သည့် အဖွဲ့ပေါင်း ၂၃၀ အတွက် ပြည်တွင်းခရီးစဉ်များကို စီစဉ်ပေးခဲ့ကြောင်း၊  ဗီယက်နမ်နိုင်ငံမှ အခြားနိုင်ငံများသို့ ထွက်ခွာသွားသည့် အဖွဲ့ ၄၈ ဖွဲ့အတွက်လည်း ခရီးစဉ်များကို စီစဉ်ပေးခဲ့ပြီး အဆိုပါအဖွဲ့များတွင် စုစုပေါင်း ခရီးသွားဦးရေ ၄၈၀၀ ကျော်ရှိခဲ့ကြောင်း သိရပါသည်။

Source: VNS

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News