International News

တရုတ်နိုင်ငံ၏ ပို့ကုန်များသည် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များသို့ ပေါင်းစည်းလျက်ရှိ

Last Updated:

ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာပြီး ကုန်သွယ်ရေးတင်းမာမှုများ ပြင်းထန်လာချိန်တွင် တရုတ်နိုင်ငံ၏ ပို့ကုန်များသည် ကမ္ဘာတစ်ဝန်းမှ အာရုံစိုက်မှုကို ရရှိလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏စုစုပေါင်းပို့ကုန်သည် ယွမ်(၁၇.၂၄)ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၄၁ ထရီလီယံ) ရှိခဲ့ရာမှ မကြာသေးမီနှစ်များအတွင်း ယွမ် (၂၃.၇၇)ထရီလီယံအထိ တိုးလာခဲ့ကြောင်း၊ တင်ပို့သည့်နိုင်ငံများနှင့် ထုတ်ကုန်နှစ်ခုစလုံးတွင် သိသာထင်ရှားစွာ တိုးတက်ပြောင်း လဲလာခဲ့ကြောင်း chinadaily.com.cn ၌ ဖော်ပြထားပါသည်။

၂၀၁၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ တရုတ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ယွမ်(၂.၅၄)ထရီ လီယံရှိခဲ့ရာမှ ယခင်သမ္မတ Donald Trump လက်ထက် ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများရှိနေသော်လည်း ၂၀၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် ယွမ် (၃.၈၇)ထရီလီယံအထိ တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ယွမ် (၃.၅၂) ထရီလီယံသို့ အနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့သော်လည်း ၂၀၁၆ ခုနှစ်ထက် (၁.၃)ဆအထိ မြင့်မားနေဆဲဖြစ်ကြောင်း၊  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ အမေရိကန်သို့ တရုတ်၏ပို့ကုန်သည် ယွမ်(၁.၃၉)ထရီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် (၃.၆)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါ သည်။

အမေရိကန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုမြင့်တက်နေချိန်တွင် ကုန်ကျစရိတ်သက်သာသော တရုတ်ထုတ်ကုန်များသည် အမေရိကန်အိမ်ထောင်စုများ၏ လူနေမှုစရိတ်များကို လျှော့ချပေးပြီး ၎င်းတို့၏ဝယ်ယူနိုင်စွမ်းအားကိုမြှင့်တင်ပေးကာ အထူးသဖြင့်အလယ်အလတ်နှင့် ဝင်ငွေနည်းသော အိမ်ထောင်စုများကို အကျိုးပြုခဲ့ကြောင်း၊ ဤအချက်သည် အမေရိကန်သို့ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု တိုးမြင့်လာစေရန် တွန်းအားပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့အတူ တရုတ်နိုင်ငံမှ အာဆီယံနိုင်ငံများ၊ မက္ကဆီကို၊ အာရှအလယ်ပိုင်းနှင့် အာရပ်နိုင်ငံများစသည့် စျေးကွက်များသို့တင်ပို့မှုမှာ အားကောင်းလာခဲ့ကြောင်း၊ အာဆီယံသည် ယခုအခါ တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာ၍ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပို့ကုန်သည် ယွမ် (၃.၇၁)ထရီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ပိုမိုတိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ အာရှအလယ်ပိုင်းသို့ ပို့ကုန်တင်ပို့မှုသည် ယခုနှစ်အတွင်း စုစုပေါင်း ယွမ် (၄၃၆.၇၁)ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် (၅၃.၇၇)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အာရပ်နိုင်ငံများသို့ တင်ပို့မှုပမာဏသည် ယွမ်(၁.၂၈)ထရီလီယံရှိပြီး ယခင်နှစ်ကထက် (၁၁.၇၂)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သို့ တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် (၉.၈၇)ရာခိုင်နှုန်းနှင့် (၁၉.၉) ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလအထိ အဆိုပါဒေသများသို့ ပို့ကုန်တင်ပို့မှု ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ အာဆီယံသို့ ပို့ကုန်စုစုပေါင်း ယွမ်(၁.၆၈)ထရီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် (၁၃.၅)ရာခိုင်နှုန်း တိုးလာခဲ့ပြီး လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ တင်ပို့မှုသိသိသာသာ တိုးလာခဲ့ကြောင်း၊ အာရှအလယ်ပိုင်းသို့ တင်ပို့မှုပမာဏသည် ယွမ်(၁၇၉.၂၂)ဘီလီ ယံရှိပြီး တစ်နှစ်ထက်တစ်နှစ် (၂၀.၃၆)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အာရပ်နိုင်ငံများသို့ တင်ပို့မှုပမာဏမှာ ယွမ်(၅၈၁.၉၃) ဘီလီယံဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် (၁၄.၇၉)ရာခိုင်နှုန်း တိုးတက်ကာ ယူအေအီးသို့ တင်ပို့မှု (၁၈.၈၂)ရာခိုင်နှုန်းနှင့် ဆော်ဒီအာရေဗျသို့ တင်ပို့မှု (၁၅.၂၈)ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်တင်ပို့သည့်နိုင်ငံများ ပိုမိုများပြားလာသကဲ့သို့ တရုတ်နိုင်ငံ၏ ပြည်ပသို့ရောင်းချသည့် ကုန်ပစ္စည်းအမျိုးအစားများလည်း များပြားလာကြောင်း၊ လွန်ခဲ့သည့်နှစ်အနည်းငယ်က အဝတ် အထည်၊ ပရိဘောဂနှင့်အိမ်သုံးပစ္စည်းများသာ အဓိကတင်ပို့ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် လျှပ် စစ်ခရီးသည်တင်ယာဉ်များ၊ လစ်သီယမ်-အိုင်းယွန်းဘက်ထရီများနှင့် ဆိုလာပြားများ တင်ပို့မှု သည် စုစုပေါင်းယွမ်(၁.၀၆)ထရီလီယံရှိပြီး (၂၉.၉)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊  ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စွမ်းအင်ဆိုင်ရာထုတ်ကုန်များ မြင့်တက်လာခြင်းသည် ဒေသအသီးသီးနှင့် ကုန်သွယ်မှုကို အားပေးရုံသာမက ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ကာဗွန်နည်းသောထုတ်လုပ်မှုဆီသို့ဦးတည်သည့် ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါသည်။

ပုဂ္ဂလိကနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ ပို့ကုန်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားကုန်သွယ်မှုဆောင်ရွက်သည့် လုပ်ငန်းအရေ အတွက်သည် ပုဂ္ဂလိကလုပ်ငန်း (၅၅၆,၀၀၀) အပါအဝင် (၆၀၀,၀၀၀) ကျော်ရှိခဲ့ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ၏ ပို့ကုန်သည် ယွမ်(၁၄.၇၄)ထရီလီယံရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ (၆၂) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် ယွမ် (၆.၇၈) ထရီလီယံ တင်ပို့ခဲ့ပြီး တစ်နိုင်ငံလုံး စုစုပေါင်းပို့ကုန်၏ (၂၈.၅)ရာခိုင်နှုန်းရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၂၁,၇၆၄)ခု တည်ထောင်ခဲ့ရာ ယင်းလုပ်ငန်းအရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် (၁၇.၄) ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ပို့ကုန်ဖွဲ့စည်းပုံအား ပြုပြင်ပြောင်းလဲနေပြီး နိုင်ငံခြားကုမ္ပဏီများသည် တရုတ်ပြည်တွင်းရှိ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာများကို ပြန်လည်ပုံဖော်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုသည် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပျူတာများနှင့် အိမ်သုံးပစ္စည်းများဆီမှ မျက်နှာပြင်အသစ်များနှင့် စွမ်းဆောင်ရည်မြင့် ဘက်ထရီများကဲ့သို့သော နည်းပညာမြင့်ထုတ် ကုန်များဆီသို့ ကူးပြောင်းလျက်ရှိကြောင်း၊ ထူးခြားသည်မှာ နိုင်ငံခြားကုမ္ပဏီများသည် သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာလျက်ရှိကြောင်း သိရှိရပါသည်။

ဥပမာအားဖြင့် BMW Group သည် ယခင်နှစ်က ၎င်း၏လျှောင်နင်ပြည်နယ်အခြေစိုက် Shenyang ၌ စွမ်းအင်သစ်မော်တော်ယာဉ်ထုတ်လုပ်မှုအတွက် ယွမ်(၂၀) ဘီလီယံ ရင်းနှီး မြှုပ်နှံမှုအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ နိုင်ငံစုံ ဇီဝဆေးဝါးကုမ္မဏီ AstraZeneca သည် ကျန်းစူးပြည်နယ် Wuxi ရှိ ဆေးထုတ်လုပ်သည့်စက်ရုံသစ်တွင် အမေရိကန်ဒေါ်လာ (၄၇၅) သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယွမ် (၁၁၇.၁)ဘီလီယံကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့အနက် နည်းပညာမြင့် ကုန်ထုတ်လုပ်မှုသည် ယွမ်(၅၀.၄၁)ဘီလီယံရှိကာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက စုစုပေါင်းရင်းနှီး မြှုပ်နှံမှုတွင် ယွမ်(၂.၇)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ဤပြောင်းလဲမှုများသည် NEV ကဲ့သို့ သော ထွန်းသစ်စနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ခိုင်မာသောစက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ထင်ဟပ်စေပြီး နိုင်ငံ၏စက်မှုဖွဲ့စည်းပုံတွင် ဘက်စုံအဆင့်မြှင့်တင်မှုကို မီးမောင်းထိုးပြထားကြောင်း သိရှိရပါသည်။

ရှုပ်ထွေးသော ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများရှိနေသော်လည်း တရုတ်ကုမ္ပဏီများသည် ပိုမိုကျယ်ပြန့်သော ကမ္ဘာ့စျေးကွက်များသို့ ဝင်ရောက်ရန် ကမ္ဘာတစ်ဝန်းတွင် ရင်းနှီး မြှုပ်နှံမှုများ တိုးချဲ့လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကဏ္ဍစုံ၌ တရုတ်နိုင်ငံ၏ ပြင်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ယွမ်(၉၈၅.၃၇)ဘီလီယံနီးပါးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယွမ်ငွေ (၁)ထရီ လီယံကိုကျော်လွန်ကာ တစ်နှစ်ထက်တစ်နှစ် (၅.၇)ရာခိုင်နှုန်း တိုးလာကြောင်း၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်များကို ဖန်တီးပေးသည့် အရှေ့တောင် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့တွင် အဓိကရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည် ယွမ် (၄၉၇.၈၅)ဘီလီယံ အထိရှိပြီး တစ်နှစ်ထက်တစ်နှစ် (၁၃.၂၀)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များတွင် ထဲထဲဝင်ဝင်ပါဝင်လာပြီးကုန်ကြမ်းနှင့်အစိတ်အပိုင်းများထုတ်လုပ်၍ ကမ္ဘာ့အရင်းအမြစ်ဈေးကွက်သို့ ပေါင်းစည်းကာ နိုင်ငံစုံကော်ပိုရေးရှင်းများအဖြစ်သို့ ပြောင်းလဲလျက်ရှိကြောင်း၊ အခြားနိုင်ငံများသို့ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို ယူဆောင်လာခြင်းဖြင့် တရုတ်ကုမ္ပဏီများသည် အဆိုပါနိုင်ငံ၏ ပြည်တွင်းလုပ်ငန်းစုများကို အဆင့်မြှင့်တင်ပေးပြီး စွမ်းဆောင်ရည်မြှင့်တင်ရန် ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည်ကမ္ဘာ့စီးပွားရေးအတွက်တွန်းအားဖြစ်ပြီး ငွေကြေး  ဖောင်းပွမှု၊ ဆင်းရဲမွဲတေမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုအပါအဝင် အဓိကစိန်ခေါ်မှုများကို ဖြေရှင်းပေးလျက်ရှိကြောင်း၊ COVID-19 ကပ်ရောဂါပြီးနောက် ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာပြီး United Nations Development Programme ၏ 2023 Global Multidimensional Poverty Index အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းတွင် ခန့်မှန်းခြေ လူဦးရေ (၁) ဘီလီယံခန့်သည် ဘက်ပေါင်းစုံ၌ဆင်းရဲမွဲတေလျက်ရှိပြီး ထက်ဝက်မှာကလေးငယ်များဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အလွန်အမင်းဆင်းရဲနွမ်းပါးမှုနှုန်းသည် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်တိုးလာခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်အတွက် ကုန်ကျစရိတ်သက်သာသော ထုတ်ကုန်များ ပိုမိုလိုအပ်ကြောင်း သိရှိရပါသည်။

ထို့အပြင် ၁၈၅၀ ခုနှစ်နောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်သည် ကမ္ဘာ့ပျမ်းမျှအပူချိန်အမြင့်ဆုံး အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုသည် အရှိန်မြှင့်တက်လာခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဟာရီကိန်းမုန်တိုင်းများနှင့် မိုးသီးမိုးသီးများကဲ့သို့သော ပြင်းထန်သောရာသီဥတုဖြစ်ရပ်များ မကြာ ခဏဖြစ်လာကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန်ပေါင်းစပ်ကုန်သွယ်မှု စနစ်တစ်ခုထူထောင်ရန်လိုအပ်ကြောင်း၊ ထိုသို့သောစနစ်သည် ထိရောက်သောပေါင်းစည်းမှုကို လွယ်ကူချောမွေ့စေပြီး ချို့တဲ့သူများအတွက် အကျိုးဖြစ်ထွန်းစေကာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိ သော၊ ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202408/19/WS66c2a375a31060630b923bb2.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News