International News

ထိုင်းနိုင်ငံ၏ သစ်သီးပို့ကုန်ကို အရှိန်မြှင့်တင်နိုင်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် စစ်ဆေးရေးဂိတ်သစ်တစ်ခု ဖွင့်လှစ်ခဲ့

Last Updated:

မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် ထိုင်းသစ်သီးများ တင်ပို့မှုကို အရှိန်မြှင့်တင်နိုင်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ Guan Lei ဆိပ်ကမ်းတွင် စစ်ဆေးဂိတ်သစ်တစ်ခုကို ၂၀၂၄ ခုနှစ် ဩဂုတ် လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

General Administration of Customs in China (GACC) က ယူနန်၏ Xishuangbanna ရှိ Guan Lei ဆိပ်ကမ်းတွင် သစ်သီးစစ်ဆေးရေးဂိတ်အသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ စစ်းဆေးရေးဂိတ်အသစ်မှ ထိုင်းတင်ပို့သူများသည် ချင်းရိုင်ရှိ ချင်းစန်းမှတစ်ဆင့် ကူမင်းသို့ သစ်သီးများတိုက်ရိုက်တင်ပို့ ခွင့်ပြုမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်းဖြင့် လမ်းကြောင်းသစ်သည် ကုန်းလမ်းများကို အသုံးပြုခြင်းထက် ပိုမိုမြန်ဆန်သော နည်းလမ်းဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်သစ် ဖွင့်လှစ်နိုင်ခြင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်နေ့က ကူမင်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရန်နှင့် ထိုင်းသစ်သီးများ တရုတ်နိုင်ငံသို့ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေး ဆွေးနွေးခဲ့မှုကြောင့် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Phumtham Wecha-yachai က ပြောကြားခဲ့ပါသည်။

Guan Lei ဆိပ်ကမ်းသည် ယူနန်ပြည်နယ်အတွင်းသို့ တင်သွင်းလာသည့် သစ်သီးများကို စစ်ဆေးသည့် ၁၁ ခုမြောက် စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် Xishuangbanna Jinggu Agricultural Development Company က တင်သွင်းလာသော ဒူးရင်းသီး ပထမအသုတ်နှင့် အခြားသော သစ်သီးများကို အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ချင်းစန်းဆိပ်ကမ်းမှ ဩဂုတ်လ ၃ ရက်နေ့တွင် ထွက်ခွာလာသော သစ်သီးများသည် ၁ ရက်ခွဲခန့်အကြာတွင် Guan Lei ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါကြောင်း၊ လမ်းကြောင်းသစ်သည် ထိုင်းနိုင်ငံမှ သစ်သီးသွင်းကုန်များအတွက် အချိန်နှင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များကို သိသိသာသာလျှော့ချပေးနိုင်ပြီး အနီးအနားရှိ အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းလာသော သစ်သီးများကို တရုတ်ဈေးကွက်သို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ကုမ္ပဏီများစွာက အကောက်ခွန်အာဏာပိုင်များထံသို့ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ဖရဲသီးနှင့် ငှက်ပျောသီးအပါအဝင် သစ်သီး မက်ထရစ် တန်ချိန် ၂၀,၀၀၀ အတွက် Quarantine ခွင့်ပြုချက်ရရှိနိုင် ရေး လျှောက်ထားလာကြကြောင်း China Daily က ထုတ်ပြန်ထားပါသည်။

Guan Lei ဆိပ်ကမ်းမှ သစ်သီးသွင်းကုန်များသည် ၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁၅၀,၀၀၀ သို့ ရောက်ရှိနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် မက်ထရစ်တန်ချိန် ၃၀၀,၀၀၀ ထိ တိုးမြင့်လာနိုင် သည်ဟု သက်ဆိုင်ရာ ဦးစီးဌာနများက ခန့်မှန်းထားပါကြောင်း၊ တရုတ်၏ အနောက်တောင်တွင်ရှိသော ယူနန်သည် ထိုင်းနိုင်ငံနှင့် အနီးကပ်ဆုံး ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ပထဝီဝင်တည်နေရာ အနေ အထားအရ ထိုင်းသစ်သီးများနှင့် ကုန်စည်များကို တရုတ်၏ အခြားအပိုင်းများကို ဖြန့်ချိရန်အတွက် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာဖြစ်ကြောင်း၊ ယူနန်သို့ တင်သွင်းလာသည့် ထိုင်းသစ်သီးအများစု ကို မိုဟန်စစ်ဆေးရေးဂိတ်မှတစ်ဆင့် ဖြန့်ဖြူးခဲ့ပြီး ယခုလမ်းကြောင်းသစ်သည် ကုန်းလမ်းပို့ဆောင်ရေး ထက် ပိုမိုမြန်ဆန်သော အခြားလမ်းတစ်ခုဖြစ်ကြောင်း ဝန်ကြီး H.E Mr. Phumtham က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News