International News

ရူပီးကို နိုင်ငံတကာမှ လက်ခံအသုံးပြုလာအောင်ဆောင်ရွက်ခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို များစွာအကျိုးပြု

Last Updated:

ရူပီးကို နိုင်ငံတကာမှလက်ခံအသုံးပြုလာအောင်ဆောင်ရွက်ခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို များစွာ အကျိုးပြုစေကြောင်း၊ အထူးသဖြင့် Goa ပြည်နယ်၏ ကုန်သွယ်မှုနှင့် စက်မှုလက်မှု အခင်း အကျင်းကို အထောက်အကူပြုလျက်ရှိကြောင်း The Times of India က ယခုလ ၂၈ ရက်က ဖော်ပြသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းသုံးငွေ ရူပီးကို အပြည်ပြည်ဆိုင်ရာ အပေးအယူကိစ္စရပ်များ၌ ဖလှယ်ရေး ကိရိယာအဖြစ် လည်းကောင်း၊ တန်ဖိုးကိုသိုလှောင်ပေးခြင်းနှင့် ငွေစာရင်းယူနစ်အဖြစ် ကျယ်ကျယ် ပြန့်ပြန့်လက်ခံလာအောင် ဆောင်ရွက်လျက်ရှိပြီး၊ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှု လျှော့ချ ရန်၊ ကမ္ဘာ့စီးပွားရေးအပေါ် လွှမ်းမိုးနိုင်မှုမြှင့်တင်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်၊ ဘဏ္ဍာရေးတည်ငြိမ်မှု ပိုမိုကောင်းမွန်ရန်နှင့် စရိတ်စကများလျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရ သည်။ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ အရန်ငွေကြေးတွင် ရူပီး၏ပါဝင်မှု အချိုး အစား မြင့်တက်လာကာ အစိုးရအတွက်လည်း အကျိုးအမြတ်ရှိစေကြောင်း သိရသည်။

ရူပီးငွေကို အပြည်ပြည်ဆိုင်ရာသုံးငွေကြေးအဖြစ်သုံးစွဲခြင်းဖြင့် အခြားတိုင်းပြည်များနှင့် အပေး အယူကိစ္စရပ်များဆောင်ရွက်ရာ၌ ၎င်းငွေအား တိုက်ရိုက်အသုံးပြုနိုင်သည်။ ထို့ကြောင့် ငွေကြေးတစ်မျိုး မှ တစ်မျိုးသို့ ပြောင်းလဲရာတွင် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်နှင့် ထိခိုက်နစ်နာနိုင်ခြေကို လျှော့နည်းစေကြောင်း သိရသည်။

Goa ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေး၌ အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပြီး၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်ရရှိကြောင်း သိရသည်။ ပြည်နယ်၏ အဓိက ပို့ကုန်များမှာ ဆေးဝါး၊ အင်ဂျင်နီယာထုတ်ကုန်များ၊ ဓါတုဗေဒထုတ်ကုန်များ၊ အီလက်ထရောနစ်၊ ပင်လယ်ထွက်ကုန်၊ သံရိုင်းနှင့် အခြားထွက်ကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပို့ကုန်မှာ ကန်ဒေါ်လာ ၇၇၈ ဘီလီယံ ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သတင်းအချက်အလက်နှင့် စာရင်းအင်းညွှန်ကြားမှုဌာန (Directorate general of commercial intelligence and statistics-DGCI&S) အရ သိရသည်။ Goa ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ထိုင်း၊ မလေးရှားနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အဓိက ကုန်သွယ်လျက်ရှိပြီး၊ ရူပီးငွေအသုံးပြုပေးချေမှုမှတစ်ဆင့် အကျိုးအမြတ်ရရှိစေကြောင်း သိရသည်။ ဝေးလံသော အရှေ့အလယ်ပိုင်းနိုင်ငံများနှင့်လည်း ရူပီး-ဒါဟမ် (rupee-dirham)၊ ရူပီး-ရီယယ် (rupee-riyal) ပေးချေမှုများဖြင့် မကြာမီဆောင်ရွက်လာနိုင်တော့မည်ဖြစ်သဖြင့် ပိုမိုလွယ်ကူမြန်ဆန်သော တိုက်ရိုက်ကုန်သွယ်မှုများ ပြုလုပ်လာနိုင်မည်ဟု သိရသည်။

ယင်းသို့ဆောင်ရွက်နိုင်ခြင်းကြောင့် Goa ပြည်နယ်၏ ကုန်စည်ပို့ဆောင်ရေးကဏ္ဍကိုလည်း သိသိ သာသာ အကျိုးအမြတ်ရရှိစေသည်ဟု ဆိုသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး နှင့် အရေးအကြီးဆုံး ဆိပ်ကမ်းများ အနက်တစ်ခုဖြစ်သော Goa ပြည်နယ် Mormugao ဆိပ်ကမ်းသည် ကုန်တင်ကုန်ချပမဏ တန်ချိန် ၂၀ ဒသမ ၆ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဓိကကုန်စည် မှာ သံသတ္တုရိုင်းဖြစ်ကြောင်း သိရသည်။ ရူပီးကို နိုင်ငံတကာသုံးငွေကြေးအဖြစ်ဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားသင်္ဘောကုမ္ပဏီများအနေဖြင့် ပေးချေမှုများကို ရူပီးအသုံးပြုပေးချေနိုင်ကြသည့်အတွက် အဆိုပါ ဆိပ်ကမ်းအား ပိုမိုစွဲဆောင်မှုရှိစေကာ စရိတ်စကလည်း ပိုမိုသက်သာစေကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံခြားငွေဈေး အတက်အကျနှင့် ရင်ဆိုင်နေရသည့် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ စရိတ်များကို တည်ငြိမ်စေကြောင်း သိရသည်။ Mormugao ဆိပ်ကမ်းရှိ နိုင်ငံခြားသင်္ဘောကုမ္ပဏီများ အနေဖြင့် ရူပီးငွေအသုံးပြု၍ ပေးချေမှုများ ဆောင်ရွက်နိုင်ကြသည့်အတွက် အပေးအယူကိစ္စရပ်များကို ချောမွေ့လွယ်ကူစေပြီး၊ Goa ကို တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်သွယ်မှုဗဟိုချက်အဖြစ် မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

Goa ပြည်နယ်ရှိ သင်္ဘောတည်ဆောက်ရေးကဏ္ဍသည်လည်း သွင်းကုန်စရိတ်များလျှော့ချနိုင် သည့်အတွက် သိသာထင်ရှားသော တိုးတက်မှုများရှိလာသည်ဟု ဆိုသည်။ ဈေးအတက်အကျရှိသော နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချလာနိုင်သည့်အတွက် ကုန်ကြမ်းဝယ်ယူသည့် စရိတ်များလည်း လျှော့ကျလာ ကြောင်း၊ Goa သင်္ဘောကျင်းများအနေဖြင့် ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ကြသည့်အတွက် အရောင်းအဝယ်စာချုပ်များတွင် ရူပီးငွေဖြင့်ဖော်ပြပြီး လုပ်ကိုင်ကြကြောင်း သိရသည်။

ရူပီးကို အပြည်ပြည်ဆိုင်ရာငွေကြေးအဖြစ်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရှိ ရောင်းလိုအား ကွင်းဆက်ကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေခြင်း၊ အချိန်ကာလသတ်မှတ်ချက်အတိုင်း ထုတ်လုပ် နိုင်ခြင်း၊ အခြေခံအဆောက်အအုံကဏ္ဍ၊ ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပိုဆောင်ရေးကဏ္ဍ စသည့်တို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုစွဲဆောင်နိုင်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ အဆိုပါ အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ရန် အကောက်ခွန်ဆိုင်ရာ အခြေခံအဆောက်အုံများ ခေတ်မှီစေရန်၊ ဆိပ်ကမ်းနှင့် လေဆိပ်အထောက်အကူများ၊ ကုန်းလမ်းနှင့် မီးရထားလမ်းကွန်ယက်များ တိုးတက် ကောင်းမွန်စေရန် Goa ပြည်နယ်အစိုးရနှင့် ကုန်သည်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ အတူတကွ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံသည် ရူပီးကို အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖြစ်ဆောင်ရွက်ခြင်းအားဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းစက်မှုလက်မှုကဏ္ဍများကို အကျိုးအမြတ်များ ရရှိစေကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံနှင့်လည်း ရူပီး-ကျပ်ပေးချေမှုစနစ်စတင်အသက်ဝင် ဆောင်ရွက်လျက်ရှိပြီး၊ ၎င်းမှ တစ်ဆင့် နှစ်နိုင်ငံ အပေးအယူကိစ္စရပ်များလွယ်ကူစွာဆောင်ရွက်နိုင်ကာ အမေရိကန်ဒေါ်လာကဲ့သို့ နိုင်ငံခြားငွေများအပေါ် မှီခိုမှုပိုမိုလျှော့ချလာနိုင်မည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် သုံးသပ်တင်ပြအပ်ပါ သည်။

ရည်ညွှန်း။       The Times of India, Internationalisation of rupee a game changer for Goa’s trade, Oct 28, 2024

စီးပွားရေးသံမှူး၊ ကော်ကတ္တားမြို့

Category: International News