International News

၂၀၂၃ ခုနှစ်၌ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသား နည်းပညာအလုပ်သင် သင်တန်းသား ၉,၇၀၀ ကျော် လုပ်ငန်းခွင်မှ ထွက်ပြေးခဲ့

Last Updated:

၂၀၂၃ ခုနှစ်တွင် နည်းပညာအလုပ်သင် သင်တန်းသား လေ့ကျင့်သင်ကြားရေး အစီအစဉ် အရ ခေါ်ယူခဲ့သည့် နိုင်ငံခြားသား အလုပ်သမား ၉,၇၀၀ ကျော်အနေဖြင့် လုပ်ငန်းခွင်မှ ထွက်ပြေး ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းတွင် ၂၀၂၃ ခုနှစ်၌ အလုပ်သင်သင်တန်းသား ၉,၇၈၃ ဦး လုပ်ငန်းခွင်မှ ထွက်ပြေးခဲ့ကြောင်း ဂျပန်လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီက ထုတ်ပြန်ထားကြောင်း၊ အဆိုပါ လုပ်ငန်းခွင်မှ အလုပ်သင် သင်တန်းသားများ ပျောက်ဆုံးမှု အရေအတွက်မှာ ၂၀၂၂ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၇၄၇ ဦး များပြားခဲ့ကြောင်းနှင့် အလုပ်သင် သင်တန်းသား ၅၀ ဦးလျှင် ၁ ဦး   အလုပ်ခွင်မှ ပျောက်ဆုံးလျက် ရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံအားဖြင့် ကြည့်မည်ဆိုပါက ဗီယက်နမ်နိုင်ငံမှ အလုပ်သင် သင်တန်းသားများ ပျောက်ဆုံးမှုမှာ အများဆုံးဖြစ်ပြီး၊ ၅,၄၈၁ ဦး ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ၁,၇၆၅ ဦး၊ တရုတ်မှ ၈၁၆ ဦး၊ ကမ္ဘောဒီးယားမှ ၆၉၄ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

လုပ်ငန်းအမျိုးအစားအလိုက် ကြည့်မည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ် သင် သင်တန်းသားများ ပျောက်ဆုံးမှုမှာ စုစုပေါင်း ပျောက်ဆုံးမှုအရေအတွက်၏ ၄၇.၁ ရာခိုင်နှုန်း ရှိပြီး အများဆုံးဖြစ်ခဲ့ကြောင်း၊ ဒုတိယအများဆုံးမှာ စိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး ၈.၆ ရာခိုင်နှုန်း၊ တတိယအများဆုံးမှာ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ပြီး ၈.၅ ရာခိုင်နှုန်းနှင့် စတုတ္ထ အများဆုံးမှာ စက်ပစ္စည်းများနှင့် သတ္တုထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်ပြီး ၇.၉ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါသည်။

အလုပ်သင် သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် အဆင်မပြေမှုများ ဖြစ်ပေါ်သည့် အခါ လုပ်ငန်းခွင်မှ ထွက်ပြေးကြရန်သာ ဆုံးဖြတ်ကြလေ့ရှိကြောင်းနှင့် လက်ရှိ အလုပ်သင် သင်တန်းသား ခေါ်ယူရေးအစီအစဉ်အရ လုပ်ငန်းခွင်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲ ဆောင် ရွက်ခွင့် မရှိသည့်အတွက် ထိုသို့လပ်ငန်းခွင်မှ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အလုပ်သင် သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် အကြမ်းဖက်ခံရခြင်းနှင့် နှောင့်ယှက်ခံရခြင်းများ ကြုံတွေ့ရသည့်အခါ (သို့မဟုတ်) အလုပ်ရှင်နှင့် လုပ်ငန်းခွင် ကြီးကြပ် သည့် အဖွဲ့အစည်းအနေဖြင့် ပြင်းထန်သည့် ဥပဒေချိုးဖောက်မှုများ ကျူးလွန်ခဲ့မည် ဆိုပါက အလုပ်ရှင်ပြောင်းလဲဆောင်ရွက်ခွင့် ရှိလာမည် ဖြစ်ကြောင်း၊ ထို့အတူ အကြမ်းဖက်ခံရသည့် အလုပ်သင် သင်တန်းသားများနှင့်အတူ အလုပ်လုပ်ကိုင်လျက်ရှိသည့် သင်တန်းသားများ အနေဖြင့်လည်း အခြားလုပ်ငန်းခွင်သို့ ပြောင်းလဲဆောင်ရွက်ခွင့်ရှိမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင် အသစ်ပြောင်းလဲ ရှာဖွေနေစဉ်တွင်လည်း အလုပ်သင် သင်တန်းသားအနေဖြင့် တစ်ပတ်လျှင် ၂၈ နာရီအထိ အလုပ်လုပ်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ လက်ရှိအလုပ်သင် သင်တန်းသား ခေါ်ယူရေး အစီအစဉ်တွင် လုပ်ငန်းခွင်ပြောင်းလဲနေသည့် ကာလအတွင်း အလုပ်လုပ်ကိုင်ခွင့် မရှိကြောင်း၊ လုပ်ငန်းခွင် ပြောင်းလဲရာတွင် တင်ပြရမည့် စာရွက်စာတမ်းများကိုလည်း မိခင် ဘာသာ စကားများဖြင့် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိအစီအစဉ်ကို အစီအစဉ် သစ်ဖြင့် စတင်အစားထိုးမည့် ၂၀၂၇ ခုနှစ်မှစတင်၍ အလုပ်ရှင် ပြောင်းလဲရန်အတွက် ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ဖြေလျော့ပေးသွားမည် ဖြစ်ကြောင်း၊ မူလလုပ်ငန်းခွင်တွင် အနည်းဆုံး ၁ နှစ် (သို့မဟုတ်) ၂ နှစ်အောက် ဆောင်ရွက်ပြီးနောက်တွင် တူညီသောလုပ်ငန်း ကဏ္ဍသို့ ပြောင်းလဲဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 ( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The NHK World Japan 

 

Category: International News