International News

စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် အိမ်ထောင်စုများ၏ ပိုင်ဆိုင်မှုများမှာ စံချိန်တင်မြင့်တက်ခဲ့

Last Updated:

စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်တွင် ဂျပန်နိုင်ငံရှိ အိမ်ထောင်စုများ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ၂,၂၁၂ ထရီလီယံယန်းအထိ စံချိန်တင် များပြားခဲ့ကြောင်း ဂျပန်ဗဟိုဘဏ်က ၁၉-၉-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းတွင် အိမ်ထောင်စုများ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၄.၆ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ၂,၁၈၆ ထရီလီယံ ယန်း ရှိခဲ့ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် စုဆောင်းငွေများကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲ ဆောင်ရွက်မှုကို တွန်းအားပေးနိုင်ရေးအတွက် အခွန်ကင်းလွတ်ခွင့်ပြုမည့် အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း  ဖော်ပြထားပါသည်။

ယန်းငွေတန်ဖိုးမှာ စံချိန်တင်ကျဆင်းခဲ့ခြင်းကြောင့် ပို့ကုန်အမြတ်ဝင်ငွေများ ပိုမိုရရှိလာခြင်းနှင့် အစုရှယ်ယာတန်ဖိုးများ မြင့်တက်လာခြင်းတို့ကြောင့် အိမ်ထောင်စုများ၏ အစုရှယ်ယာ ပိုင်ဆိုင်မှုမှာ ၁၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၃၀၁ ထရီလီယံယန်း ရှိခဲ့ကြောင်း၊ နီခေးအစု ရှယ်ယာတန်ဖိုးမှာ  ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ၄၂,၂၂၄.၀၂ ယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အသေးစား ရင်းနှီးမြှုပ်နှံမှုများကို အခွန်ကင်းလွတ်ခွင့်ပြုမည့် အစီအစဉ်ကြောင့် အများပိုင် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၂၇.၁ ရာခိုင်နှုန်းအထိ များပြားခဲ့ပြီး၊ ၁၂၈ ထရီလီယံ ယန်း ရှိခဲ့ကြောင်း၊ ငွေသားအပ်နှံမှုနှုန်းမှာ ၀.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၁,၁၂၇ ထရီလီယံ ယန်းရှိခဲ့ ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဗဟိုဘဏ်၏ အစိုးရငွေချေးစာချုပ် ပိုင်ဆိုင်မှုအချိုးမှာ ၅၃.၂၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်တွင် ၅၃.၂၁ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ပြီး၊ ၅၆၄ ထရီလီယံယန်း ရှိခဲ့ကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် ငွေချေးစာချုပ် ပိုင်ဆိုင်မှုအချိုးကို တစ်ဖြည်းဖြည်းလျှော့ချ ခြင်းဖြင့် ငွေကြေးမူဝါဒကို ပြန်လည်ချိန်ညှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါ သည်။

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Japan Today 

Category: International News