International News

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ စံချိန်တင် မြင့်တက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ပျမ်းမျှဆန်လက်ကားဈေးမှာ အဆမတန် မြင့်တက်ခဲ့ခြင်း ကြောင့် ဂျပန်နိုင်ငံရှိ လက်လီဈေးဆိုင်များတွင် ဈေးဝယ်သူများမှာ ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့လျက်ရှိပါသည်။

အဆိုပါ သတင်းတွင် ဂျပန်စိုက်ပျိုးရေးသမဝါယမအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့်ဆန်အမျိုးအစား အားလုံးကို လက်ကားဒိုင်များသို့ ၆၀ ကီလိုဂရမ်တစ်အိတ်လျှင် ပျမ်းမျှအားဖြင့် ၁၆,၁၃၃ ယန်း (သို့မဟုတ်) ၁၁၄ ဒေါ်လာဖြင့် ရောင်းချထားပြီး ဖြစ်ကြောင်း ဂျပန် စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားကြောင်း၊ အဆိုပါ ဈေးနှုန်းမှာ ယခင်နှစ်နှင့် နှိုင်း ယှဉ်ပါက ၁၇ ရာခိုင်နှုန်း များပြားလာခြင်း ဖြစ်ကြောင်းနှင့် စစ်တမ်းစတင်ကောက်ယူခဲ့သည့် ၂၀၀၆ ခုနှစ်မှစတင်၍ အမြင့်ဆုံးဈေးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခင်နှစ်နွေရာသီ အပူလှိုင်းဒဏ်ကြောင့် ဆန်အထွက်နှုန်း ကျဆင်းပြီး ရောင်းလိုအား ကျဆင်းနေချိန်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်မှုများပြားခဲ့ခြင်းကြောင့် ဆန်ဝယ်လိုအား မြင့်တက်လျက် ရှိကြောင်း၊ ဂျပန်ပြည်သူများ အနေဖြင့် မုန်တိုင်းနှင့်ငလျင် အတွက် ဈေးဝယ်စင်တာများမှ ဆန်ဝယ်ယူစုဆောင်းမှုများလည်း များပြားလျက်ရှိခြင်းကြောင့် ဆန်ပြတ် လပ်ခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆန်အသစ်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာပြီး၊ မြန်ဆန်စွာ ဖြန့်ဝေနိုင်ရေး မြှင့်တင် ဆောင်ရွက်ပြီးပါက ဝယ်လိုအားနှင့် ရောင်းလိုအား မျှတလာပြီး ဆန်ဈေးနှုန်းလည်းတည်ငြိမ် လာမည်ဖြစ် ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

တိုကျိုရှိ စတိုးဆိုင်များတွင် ရိတ်သိမ်းပြီးစဆန်သစ်များ ရောက်ရှိလာပြီဖြစ်သည့်အတွက် တိုကျိုတွင် ဆန်ပြတ်လပ်မှုလျော့နည်းလာလျက်ရှိသော်လည်း ဆန်ဈေးနှုန်းမှာမူ ယခင်ကထက် ၅၀ ရာခိုင်နှုန်း မြင့်တက်လျက် ရှိကြောင်း ဖော်ပြထားပါသည်။

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The NHK World Japan 

Category: International News