International News

ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ ၃၆.၂၅ သန်းအထိ စံချိန်တင် များပြားခဲ့

Last Updated:

ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ၂၀,၀၀၀ ဦး ရှိခဲ့ရာမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၃၆.၂၅ သန်းအထိ စံချိန်တင် များပြားလာခဲ့ပါသည်။ အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် Respect for the Aged Day တွင် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အို စာရင်းကို ခန့်မှန်းထုတ်ပြန်ခဲ့ကြောင်းနှင့် ထုတ်ပြန်ချက်အရ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုဦးရေမှာ ၀.၂ ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

သက်ကြီးရွယ်အိုဦးရေနှင့် အသက်အရွယ် အိုမင်းမှုနှုန်းမှာ ၁၉၅၀ ပြည့်နှစ်မှစတင်၍ အများဆုံး ဖြစ်ခဲ့ကြောင်း၊ အသက် ၆၅ နှစ်နှင့်အထက် အမျိုးသမီး အရေအတွက်မှာ ၂၀.၅၃ သန်း ရှိပြီး၊ ဂျပန်နိုင်ငံရှိ စုစုပေါင်း အမျိုးသမီးဦးရေ၏ ၃၂.၃ ရာခိုင်နှုန်း ရှိကြောင်း၊ အသက် ၆၅ နှစ် အထက် အမျိုးသားဦးရေမှာ ၁၅.၇၂ သန်းရှိပြီး၊ စုစုပေါင်း အမျိုးသားဦးရေ၏ ၂၆.၁ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါသည်။

အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို အရေအတွက်မှာ ၇၁၀,၀၀၀ ဦး များပြား လာခဲ့ပြီး ၂၀.၇၆ သန်း ရှိကြောင်း၊အဆိုပါ အရေအတွက်မှာ စုစုပေါင်း လူဦးရေ၏ ၁၆.၈ ရာခိုင်နှုန်း ရှိကြောင်းနှင့် ၀.၇ ရာခိုင်နှုန်း များပြားလာခဲ့ခြင်း ဖြစ်ကြောင်း၊ အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို အရေအတွက်မှာ ၃၁၀,၀၀၀ ဦး များပြားလာခဲ့ပြီး ၁၂.၉ သန်းရှိကြောင်း၊ အဆိုပါ အရေအတွက်မှာ စုစုပေါင်း လူဦးရေ၏ ၁၀.၄ ရာခိုင်နှုန်း ရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်း များပြားလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပထမဆုံးအကြိမ် အဖြစ် ၁၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ အသက်အရွယ်အိုမင်းမှုနှုန်းမှာ ၂၉.၃ ရာခိုင်နှုန်းရှိပြီး၊ ကမ္ဘာ့နိုင်ငံနှင့် ဒေသ ပေါင်း ၂၀၀ တွင် အမြင့်ဆုံးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် အလုပ်လုပ်သည့် သက်ကြီးရွယ်အို ဦးရေ လည်း များပြားလာကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အသက် ၆၅ နှစ်နှင့်အထက် အလုပ်လုပ်သူ အရေ အတွက်မှာ စံချိန်တင် များပြားခဲ့ပြီး ၉.၁၄ သန်း ရှိခဲ့ကြောင်းနှင့်ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀,၀၀၀ ဦး မြင့်တက်ခဲ့ကြောင်းနှင့် နှစ် ၂၀ ဆက်တိုက် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထား ပါသည်။  

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Asahi Shimbun 

Category: International News