International News

ဂျပန်နိုင်ငံ၏ မြေဈေးနှုန်းမှာ ၁၉၉၂ ခုနှစ်မှ စတင်၍ အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလျက်ရှိ

Last Updated:

ယန်းငွေတန်ဖိုး ကျဆင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များပြားခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် လ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၏ ပျမ်းမျှမြေဈေးနှုန်းမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၃ နှစ်ဆက်တိုက် မြင့်တက်ခဲ့ကာ ၁၉၉၂ ခုနှစ်မှ စတင်၍ အမြင့်ဆုံးဖြစ်ခဲ့ပါသည်။

အဆိုပါ သတင်းတွင် လုပ်ငန်းသုံးမြေဈေးမှာ ၂.၄ ရာခိုင်နှုန်းနှင့် လူနေထိုင်မှုအတွက် အသုံးပြုသည့် မြေဈေးများမှာ ၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၃ နှစ် ဆက်တိုက် မြင့်တက်ခဲ့ ကြောင်းနှင့် ၁၉၉၂ ခုနှစ်မှ စတင်၍ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အဦ၊ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ ဒေသအလိုက် မြေဈေးနှုန်းများမှာလည်း ၂ နှစ်ဆက်တိုက် မြင့်တက်ခဲ့ ကြောင်း၊ သို့သော် ငလျင်ဒဏ်ခံခဲ့ရသည့် နိုတိုဒေသတွင် မြေဈေးနှုန်းမှာ သိသိသာသာ ကျဆင်း ခဲ့ကြောင်း၊ ဂျပန်နိုင်ငံရှိ အဓိကမြို့ကြီး ၃ မြို့ဖြစ်သည့် တိုကျို၊ အိုဆာကာနှင့် နာဂိုယာဒေသရှိ လူနေထိုင်မှုအတွက် အသုံးပြုသည့် မြေဈေးများမှာ ၃ နှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီး၊ လုပ်ငန်း သုံးမြေဈေးမှာ ၁၂ နှစ်ဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ ပြည်နယ်များတွင် လူနေထိုင်မှုအတွက် အသုံးပြုသည့် မြေဈေးများမှာ ၀.၁ ရာခိုင်နှုန်းနှင့် လုပ်ငန်းသုံးမြေဈေးများမှာ ၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ စုစုပေါင်း မြေဈေးမှာ ပျမ်းမျှအားဖြင့် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံရှိ ပြည်နယ် ၄၇ ခုအနက် ၁၇ ခု တွင် လူနေထိုင်မှုအတွက် အသုံးပြုသည့် မြေဈေးများမှာ မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်လာရောက်မှု မြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံရှိ ပြည်နယ် ၄၇ ခုအနက် ၂၈ ခုရှိ လုပ်ငန်းသုံးမြေဈေးများမှာ မြင့်တက်ခဲ့ကြောင်း၊ တိုကျိုမြို့ရှိ Ginza Shopping District ရှိ Meidi-ya Ginza Commercial Building သည် မြေဈေးအမြင့်ဆုံးဖြစ်ပြီး၊ ၁ စတုရန်းမီတာလျှင် ယန်း ၄၂.၁ သန်း (အမေရိကန်ဒေါ်လာ ၃ သိန်း)ရှိပြီး ၁၉ နှစ်ဆက်တိုက် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: The Japan Today 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News