International News

ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ကုန်သွယ်မှု လိုငွေ ယန်း ၆၉၅.၃ ဘီလီယံ ဖြစ်ပေါ်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ ပို့ကုန်မှာ စံချိန်တင် များပြားခဲ့သော်လည်း ယန်းငွေတန်ဖိုးကျဆင်းခဲ့သည့်အတွက် သွင်းကုန်ဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် ကုန်သွယ်မှု လိုငွေ ယန်း ၆၉၅.၂၉ ဘီလီယံဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ သတင်းတွင် ဆေးပစ္စည်းများနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းမှုများပြားခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် သွင်းကုန်မှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၉.၁၄ ထရီလီယံ ယန်း ရှိခဲ့ကြောင်းနှင့် ၅ လဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်မှာ ၅.၆ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ၈.၄၄ ထရီလီယံယန်း ရှိခဲ့ကြောင်း နှင့် ၉ လ ဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံ၌ ၂ လဆက်တိုက် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ ကြောင်းနှင့် ကုန်သွယ်မှုလိုငွေမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ကုန်သွယ်မှုလိုငွေ ကျဆင်းခဲ့ရခြင်းမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ် သည့် စက်ပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အခြားသော လျှပ်စစ်ပစ္စည်းများ တင်ပို့မှုများပြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်သည့် ယန်းငွေတန်ဖိုးမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယန်းငွေ တန်ဖိုး ကျဆင်းခဲ့မှုကြောင့် သွင်းကုန်ဈေးနှုန်းများ မြင့်တက်စေခဲ့သော်လည်း ဂျပန်နိုင်ငံမှ ပို့ကုန်လုပ်ငန်း ရှင်များအတွက် အမြတ်ဝင်ငွေအများအပြား ရရှိစေခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌက ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုး နှုန်းကို ထပ်မံတိုးမြှင့် သတ်မှတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ယန်းငွေ တန်ဖိုးမှာ ပြန်လည်အားကောင်းလာခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် ကုန်သွယ်မှုလိုငွေ ယန်း ၆၅၇.၅၂ ဘီလီယံ ဖြစ်ပေါ်ခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အမေရိကန် နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့မှု ကျဆင်းခဲ့ခြင်းကြောင့် ၃၅ လတာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပို့ကုန်မှာ ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၁.၆၁ ထရီလီယံယန်း ရှိခဲ့ကြောင်း၊ သွင်းကုန်မှာလည်း ၈ လတာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၉၄၉.၁၁ ဘီလီယံယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာ တွင် ကုန်သွယ်မှုလိုငွေ ၃၇၇.၁၅ ဘီလီယံယန်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ကုန်သွယ်မှုလိုငွေမှာ ၄၁ လဆက်တိုက် ဖြစ်ပေါ်ခဲ့သော်လည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၃.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁.၅၁ ထရီလီယံ ယန်း ရှိခဲ့ကြောင်းနှင့် ၉ လဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းခဲ့မှုမှာ ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁.၈၉ ထရီလီယံယန်း ရှိခဲ့ကြောင်းနှင့် ၅ လတာ ကာလအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး ၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Japan Today 

 

Category: International News