ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် မှန်းထားသည့် ၂ ရာခိုင်နှုန်းကို ကျော်လွန်၍ အမြင့် မှတ်တမ်းသစ်အဖြစ် အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံသို့ ရောက်ရှိနိုင်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂကဲ့သို့သော အဓိက ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကြောင့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်များနှင့် လျှပ်စစ်သုံးပစ္စည်းများ၏ ဝယ်လိုအား၏ တွန်းအားကြောင့် ယခုနှစ် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံ ထိ ရောက်ရှိနိုင်ကြောင်း၊ စက်တင်ဘာလအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၅.၉ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၁.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၅.၅ ဘီလီယံရှိခဲ့ သဖြင့် ကုန်သွယ်ရေး ပိုငွေသည် ဒုတိယလအဖြစ် အမေရိကန်ဒေါ်လာ ၃၉၄ သန်းဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂၃ ဘီလီယံနှင့် သွင်း ကုန်သည် အမေရိကန်ဒေါ်လာ ၂၂၉ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၉၆ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါသည်။
တိုးချဲ့တင်ပို့နိုင်ခဲ့သော ပို့ကုန်များမှာ ဆန်၊ ရာဘာ၊ ပင်လယ်စာစည်သွပ်ဗူးများ၊ တိရစ္ဆာန် အစာများ၊ ပြုပြင်ပြီးကြက်သား၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်ဆီများဖြစ်ကြောင်း၊ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက်၊ ပီလောပီနံထုတ်ကုန်၊ သကြား၊ လတ်ဆတ်နှင့် အေးခဲကြက်သားနှင့် ဟင်း သီးဟင်းရွက်စည်သွပ်ဗူးများ၏ ပို့ကုန်အချို့တွင် ကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၉ လ အတွင်း တွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ ယန္တရားများ၊ ဓာတုပစ္စည်းများနှင့် လေအေးပေးစက်တို့တွင် တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောက်မျက် နှင့် လက်ဝတ်ရတနာများ၊ ပလတ်စတစ်အလုံးများ၊ သံနှင့်သံမဏိ၊ အတွင်းပိုင်း လောင်ကျွမ်းအင်ဂျင်များဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်ကျန်လများတွင် ပို့ကုန်တန်ဖိုးသည် ၁ လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၂.၅ ဘီလီယံရရှိခဲ့ပါက ၂၀၂၃ ခုနှစ် မှတ်တမ်း အမေရိကန်ဒေါ်လာ ၂၈၇ ဘီလီယံထက်ကျော်လွန်နိုင်ပြီး မှတ်တမ်းသစ်အဖြစ် အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံထိ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ် ပို့ကုန် အလားအလာနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများရှိနေသော်လည်း စတုတ္ထ ၃ လပတ်တွင် ဆက်လက်တိုး တက်မှုရှိနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါကြောင်း၊ စိန်ခေါ်မှုများတွင် အမေရိကန်ရွေးကောက်ပွဲ၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ၊ ဘတ်ငွေခိုင်မာမှု၊ တရုတ် စီးပွားရေးပြန်လည်ကောင်းမွန်မှု နှေးကွေးနေမှု၊ ရေကြီးမှုနှင့် ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ကဏ္ဍကို သက် ရောက်နိုင်သည့် အိန္ဒိယ၏ ဆန်ပို့ကုန်ဆိုင်ရာ မူဝါဒ အပြောင်းအလဲတို့ဖြစ်ကြောင်း သိရှိရပါသည်။
ဘတ်ငွေသည် ၁ ဒေါ်လာလျှင် ၃၃.၅ ဘတ် မှ ၃၃.၈ ဘတ်ကြားဖြင့် ခိုင်မာနေသော်လည်း ပုဂ္ဂလိက ကဏ္ဍက အချိန်အတိုင်းအတာတစ်ခုအထိ စီမံနိုင်သော အခြေအနေဖြစ်ပါကြောင်း၊ အကယ်၍ ဘတ်ငွေသည် ၁ ဒေါ်လာလျှင် ၃၃ ဘတ်မှ ၃၄ ဘတ်ကြားနှင့် ၃၄ ဘတ်ထက်ကျော်လွန်ခဲ့ပါက ပို့ကုန် အတွက် ကောင်းမွန်သော သက်ရောက်မှုဖြစ်နိုင်ပြီး ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အထိ ဆက်လက် ကောင်းမွန်နေနိုင်ကြောင်း Thai National Shippers’ Council ဥက္ကဋ္ဌ Mr. Chaichan Charoensuk က သုံးသပ်ပြောကြားပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။