International News

ထိုင်းနိုင်ငံသည် နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ပိုမိုဖိတ်ခေါ်သွားရန် ဆန္ဒရှိ

Last Updated:

ထိုင်းနိုင်ငံသည် နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်သွားရန် ဆန္ဒရှိကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ပြောကြားခဲ့ပါသည်။

တရုတ်နှင့် ထိုင်ဝမ်ကုမ္ပဏီအများစုက ပထဝီနိုင်ငံရေး ရိုက်ခတ်မှုများကို ရှောင်ရှားလိုသဖြင့် Printed Circuit Board ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ထိုင်းနိုင်ငံတွင် ချဲ့ထွင်လိုကြကြောင်း၊ ပိုမိုအဆင့်မြင့်သော နည်းပညာများဖြင့် ထုတ်လုပ်မည့် လုပ်ငန်းခွဲများ ရောက်ရှိလာနိုင်ကြောင်း၊ ထိုင်းနိုင်ငံ၏ ခိုင်မာသော အခြေခံအဆောက်အဦး၊ အရည်အချင်းပြည့်မီသော လုပ်သားအင်အားများနှင့် အခွန်ခံစားခွင့်များဖြင့် နည်းပညာမြင့်ထုတ်လုပ်မှုများကို ဆွဲဆောင် လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၈၀၀ ဘီလီယံ ရှိကြောင်း ဘုတ်အဖွဲ့၏ ဒုတိယအထွေထွေ အတွင်း ရေးမှူးချုပ် Mr. Wirat Tatsaringkansakul က ပြောကြားခဲ့ပါသည်။

Sony Device Technology -SDT(Thailand) က တစ်ပိုင်းလျှပ်ကူးပစ္စည်း အဆောက်အဦး သစ်အတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၂.၃ ဘီလီယံကို မကြာသေးခင်ကာလက ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ပါကြောင်း၊ အဆိုပါ အဆောက်အဦးတွင် ယာဉ်မောင်းသူကို လုံခြုံစိတ်ချစေရန် မော်တော်ကားဆိုင်ရာ ပုံရိပ်ဖမ်းစက်၊ ပြသသည့်ပစ္စည်းများ၊ အချက်အလက်စင်တာအတွက် အသုံးပြုမည့် လေဆာဒိုင်အုတ်များ တပ်ဆင်ရာနေရာအဖြစ် အသုံးပြုမည်ဖြစ်ပါကြောင်း၊ ယခုနှစ် နှစ်လယ်ပိုင်းမှစ၍ လေဆာဒိုင်အုတ်များ စတင်ထုတ်လုပ်သွားမည်ဖြစ် ကြောင်း၊ ပုံရိပ်ဖမ်းစက်များကို လာမည့်နှစ်တွင် စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Takeshi Matsuda က ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းသည် ဒီဂျစ်တယ်ခေတ်သို့ ရောက်ရှိရန်အတွက် နည်းလမ်းဖြစ်ပြီး နိုင်ငံအဆင့်တွင်လည်း အရေးပါပါကြောင်း၊ တီထွင်ဆန်းသစ်မှုသည် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံ အတွက် အရေးကြီးပါကြောင်း၊ စက်ရုံများ ထိုင်းနိုင်ငံတွင်း တည်ရှိခြင်းသည် ပြည်သူများကို အကျိုးပြုရုံသာမက ဂျပန်နှင့် ထိုင်း၏ အနာဂတ်အတွက်လည်း အထောက်အကူပြုပါကြောင်း Sony Semiconductor Solution (SSS) ၏ အကြီးတန်းအရာရှိ Mr. Terushi Shimizu က သုံးသပ်ပြောကြားခဲ့သည်။   

Sony ၏ ဂျပန်နိုင်ငံပြင်ပ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် အခြေစိုက်အဖြစ် SDT က ဆောင်ရွက်ပါကြောင်း၊ Sony Group သည် ထိုင်းနိုင်ငံတွင် စီမံကိန်း ၁၇ ခုရှိပြီး လုပ်သား ၈,၀၀၀ နှင့် ဘတ် ၂၂ ဘီလီယံရင်းနှီးမြှုပ်နှံမှုဖြစ်ပါကြောင်း၊ ဘတ် ၅ သန်းတန်ဖိုးရှိသော integrated circuit ရင်းနှီးမြှုပ်နှံမှုအသစ်အတွက် လျှောက်ထားလာပါကြောင်း ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

 

Source: www.bangkok.com

ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News