International News

အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် နှေးကွေးခဲ့သော်လည်း ငွေကြေးဖောင်းပွမှုမှာ ယခင်အတိုင်းဆက်လက်တည်ရှိ

Last Updated:

အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် နှေးကွေးခဲ့သော် လည်း ငွေကြေးဖောင်းပွမှုမှာ ယခင်အတိုင်းဆက်လက်တည်ရှိနေကြောင်း The New York Times အွန်လိုင်းသတင်းတွင် ၂၅-၄-၂၀၂၄ ရက်၌ “U.S. Growth Slowed in First Quarter, but Inflation Remained a Bug” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း အလုပ်အကိုင်ဈေးကွက် ခိုင်မာလာလာပြီး စားသုံးသူများ ငွေကြေးသုံးစွဲမှုသည်လည်း မြင့်မားလာခဲ့သဖြင့် စီးပွားရေးလည်း ခံနိုင်ရည်မြင့်လာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ GDP သည် ပထမသုံးလပတ်တွင် (၁.၆) ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရကြောင်း၊ သို့ရာ တွင် ယင်းတိုးနှုန်းသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းရှိ GDP တိုးနှုန်း (၃.၄) ရာခိုင်နှုန်းမှ လျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ ပထမ သုံးလပတ်အတွင်း စားသုံးသူဈေးဆနှုန်းမှာ (၃.၄) ရာခိုင်နှုန်းရှိပြီး ယင်းရာခိုင်နှုန်းပမာဏသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက (၁.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဈေးနှုန်းအတက်အကျများသည့် စားသောက်ကုန်နှင့် စွမ်းအင်ကဏ္ဍထည့်သွင်းတွက်ချက်မထားသည့် ကုန်ဈေးနှုန်းသည် (၃.၇) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ထို့အပြင် ဘဏ္ဍာရေးဈေးကွက်မှာလည်း ကျဆင်းလျက်ရှိပြီး S&P 500 Index သည် ရာခိုင်နှုန်း ပွိုင့်တစ်ဝက်ခန့်ကျဆင်းခဲ့ကြောင်း၊ အတိုးနှုန်း မြင့်မားမှုကြောင့် ငွေတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံသူများလည်း ထိခိုက်ခံစားကြရကြောင်းနှင့် ယင်းအချက်သည် အမေရိကန်နိုင်ငံသားများ၏ ဘဏ္ဍာရေးအခြေအနေကို ပြသခြင်းဖြစ်ကြောင်း သိရပါသည်။

ပထမသုံးလပတ်အတွင်း စားသုံးသူများသည် အခွန်ပေးဆောင်ပြီးနောက် ဝင်ငွေ (၃.၆) ရာခိုင် နှုန်းကိုသာ စုဆောင်းခဲ့ကြကြောင်း၊ ယင်းရာခိုင်နှုန်းသည် ၂၀၂၃ ခုနှစ်၊ စားသုံးသူများ၏ စုဆောင်းငွေနှင့် နှိုင်းယှဉ်ပါက (၄) ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီကာလနှင့်နှိုင်းယှဉ်ပါက (၅) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံသားများ၏ ငွေကြေးသုံးစွဲမှုများလာခြင်းသည် ကြွေးမြီနည်းပါးပြီး ပုံသေအတိုး နှုန်းဖြင့် အိမ်ပေါင်ချေးငွေရရှိသူများ၊ စတော့ရှယ်ယာများမှ အမြတ်ရရှိသူများစသည့် ချမ်းသာကြွယ်ဝသူများကြောင့်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ပထမသုံးလပတ်အတွင်း လုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့် ဆော့ဖ်ဝဲလ်များတွင် ရင်းနှီးမြှုပ်နှံလာကြသဖြင့် နိုင်ငံ၏စီးပွားရေးအပေါ် ယုံကြည်မှုရှိလာကြကြောင်း တွေ့ရှိရသော်လည်း ပထမသုံးလပတ်၏ စီးပွားရေးတိုးတက်နှုန်းကို နှောင့်နှေးစေသည့် အခြားအချက်တစ်ချက်မှာ ကုန်သွယ်ရေးဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ငံခြားမှပစ္စည်းများကို ပိုမိုဝယ်ယူအသုံးပြုကြသဖြင့် သွင်းကုန် မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ပို့ကုန်မှာ ထင်သလောက် မြင့်တက်မှုမရှိခဲ့ကြောင်း သိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News