International News

စားသုံးသူသုံးစွဲမှုပုံစံကြောင့် ဟောင်ကောင်ဒေသရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ယုံကြည်မှု ယိမ်းယိုင်

Last Updated:

အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs)‌ ၏ ဟောင်ကောင်ဒေသ စီးပွားရေးအခြေ အနေအပေါ် ယုံကြည်မှု အနည်းငယ်မြင့်တက်လာသော်လည်း ဟောင်ကောင်ဒေသနှင့် တရုတ် ပြည်မတို့အကြား နယ်စပ်များ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေသေးသည်ဟု ဟောင်ကောင် ကုန်ထုတ်လုပ်မှုကောင်စီ (HKPC) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြထားခဲ့ကြောင်း South China Morning Post သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် “Hong Kong SMEs’ second-quarter business confidence shaky as consumer spending remains a concern” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါသည်။

လုပ်ငန်းငယ်များအနေဖြင့် တရုတ်ပြည်မမှ ဟောင်ကောင်ဒေသသို့ လာရောက်လည်ပတ် သူများ၏ သုံးစွဲမှုပုံစံပြောင်းလာခြင်းနှင့် ဟောင်ကောင်ဒေသခံများအနေဖြင့်လည်း နယ်စပ်မှ ဈေးနှုန်းသက်သာသည့် ပစ္စည်းများသွားရောက်ဝယ်မှုအပေါ် စိုးရိမ်ပူပန်မှုရှိနေသည်ဟု စစ်တမ်း တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

Standard Chartered နှင့် HKPC ပူးပေါင်း၍ ၃ လတစ်ကြိမ် ကောက်ယူသည့် Standard Chartered Hong Kong SME Leading Business Index စစ်တမ်း၏ လက်ရှိသုံးလပတ်အတွက် SMEs လုပ်ငန်း ၈၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်အတွက် အဆိုပါညွှန်ကိန်းသည် ယခင်သုံးလပတ်ထက် ၃.၆ မြင့်တက်ခဲ့ပြီး ၄၇.၃ ဖြင့် ရပ်တည်နေသော်လည်း ၅၂.၈ ရှိခဲ့သည့် ယခင်နှစ် အလားတူကာလထက် နိမ့်ကျနေဆဲဖြစ် သည်ကြောင်း၊ အဆိုပါ စစ်တမ်းသတ်မှတ်ချက်အရ ၅၀ အောက်ကျဆင်းပါက အသေးစားနှင့် အလတ်စား လုပ်ငန်းများအနေဖြင့်  ဟောင်ကောင်ဒေသ စီးပွားရေးအခြေအနေအပေါ် အဆိုးမြင်နေသည့် အခြေအနေဖြစ်ပြီး၊ ၅၀ အထက်ဖြစ်ပါက အပြုသဘောဆောင်သည့်အမြင်ဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။

SMEs များအနေဖြင့် ဟောင်ကောင်ဒေသ၏ စီးပွားရေး ပြန်လည်ဦးမော့မှု အတန်အသင့်ရှိနေခြင်းကို လက်ခံသော်လည်း အစဉ်တစိုက် အကောင်းမြင်သွားစေရေး တောင်းဆိုရန် အချိန်စောသေးကြောင်းနှင့် လုပ်ငန်းများအနေဖြင့် ဒေသခံများနှင့် ခရီးသွားများ၏ သုံးစွဲမှု အမြင်အပေါ်တွင် သတိထားနေဆဲဖြစ်သည်ဟု Standard Chartered မှ အကြီးတန်းစီးပွားရေးပညာရှင် Kelvin Lau က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စစ်တမ်းကောက်ခံမှုတွင် အကြီးဆုံးလုပ်ငန်းအုပ်စုသုံးခုအနက် လက်လီရောင်းချသည့် လုပ်ငန်းမှာ ၄၃.၂ ဖြင့် ညွှန်ကိန်းအဆင့် အနိမ့်ဆုံးအဖြစ်ရပ်တည်နေပြီး၊ အခြားသော ဟောင်ကောင်ဒေသတွင်းရှိ လုပ်ငန်းများအနက်  နေရာထိုင်ခင်းနှင့် အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းလည်ပတ်မှု ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အီစတာရုံးပိတ်ရက် ကာလအတွင်း ဟောင်ကောင်ဒေသခံ ၁.၇၆ သန်းခန့် ဒေသပြင်ပသို့ သွားရောက်ခဲ့ကြရာ ၎င်းတို့အနက် ၈၆ ရာခိုင်နှုန်းမှာ တရုတ်ပြည်မသို့ သွားရောက်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ ဒေသစီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုသည့် ပြည်တွင်းသုံးစွဲမှု အခြေအနေ ပြောင်းလဲလာခြင်းကြောင့် ပြင်ပအခြေအနေများအပေါ် ဖိအားပိုမို သက်ရောက်လာမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စစ်တမ်း၌ SMEs ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ဘတ်ဂျတ်ရှင်းလင်းတင်ပြချက်တွင် ပါဝင်သည့် ဆောင်ရွက်များနှင့် စပ်လျဉ်း၍ SMEs များ၏အမြင်ကို ကောက်ခံခဲ့ရာ ဖြေကြားခဲ့သည့် SMEs များအနက် ၉၀ ရာခိုင်နှုန်းမှ အဆိုပါဆောင်ရွက်ချက်များကြောင့် စီးပွားရေးတိုးတက် လာနိုင်သည်ဟု ဖြေကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် ကမ္ဘာ့စီးပွားရေးနှင့် စီးပွား ရေးလုပ်ငန်းများအခြေအနေ၊ အမြတ်အစွန်းရရှိမှုနှင့် ရင်းနှီးမြှုပ်နှံလိုမှု ညွှန်းကိန်းများ ပြန်လည်ဦးမော့လာသော်လည်း ဟောင်ကောင်ဒေသရှိ SMEs များ၏ အလုပ်အကိုင်ခန့်ထားမှု အနေဖြင့် အနည်းငယ်ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် တရုတ်ပြည်မ၏ စီးပွားရေးတိုးတက်မှု အခြေအနေကြောင့် စစ်တမ်းကောက်ယူမှု၌ ၃ ကြိမ်ဆက်တိုက် ကျဆင်းခဲ့သည့် ကမ္ဘာ့စီးပွားရေး ညွှန်ကိန်းခွဲမှာ ၉.၁ အထိ ပြန်လည်မြင့်တက်လာခဲ့ပြီး၊ တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့၏ မူဝါဒဆိုင်ရာ အထောက်အပံ့များကြောင့် လုပ်ငန်းညွှန်ကိန်း ၁၁ ခုအနက် သတင်းအချက်အလက်နှင့် ဆက် သွယ်ရေး၊ အိမ်ခြံမြေလုပ်ငန်းများမှာ ယုံကြည်မှုအမြင့်ဆုံးလုပ်ငန်းများဖြစ်သည်ဟု ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News