Local News

အိန္ဒိယပဲဈေးကွက်ကြောင့် မတ်ပဲဈေးကျဆင်း

Last Updated:

ဧပြီလ နောက်ဆုံးပတ်အထိ ဈေးကောင်းလာခဲ့သော မတ်ပဲသည် မေလအစမှာပင် တရိပ်ရိပ် ဈေးပြန်ကျလျက်ရှိကြောင်းသိရသည်။ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဧပြီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ များတွင် ၁ တင်းလျှင် ကျပ် ၁၀၂၄၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၁၀၀၈၀၀၊ ၃၀ ရက်နေ့တွင် ကျပ် ၁၀၀၅၀၀၊ မေလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ကျပ် ၁၀၀၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

အိန္ဒိယအစိုးရသည် ရွေးကောက်ပွဲကာလအတွင်း ပဲဈေးမြင့်တက်လာမည့် အခြေအနေကိုကာကွယ်ရန် သိုလှောင်ရုံများနှင့် ပဲခွဲစက်များသို့ အစိုးရအဆင့်မြင့် အရာရှိများစေလွှတ်၍ ပဲလက် ကျန်များစိစစ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲအပါအဝင် ပဲလက်ကျန် အခြေအနေများကို စတင်ကွင်းဆင်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရှိရသည်။

ပဲလိုအပ်ချက်ရှိနေသည့်အခြေအနေတွင် ဈေးနှုန်းတည်ငြိမ်စေရန်ရည်ရွယ်ချက်ဖြင့် အိန္ဒိယအစိုးရ၏ ဆောင်ရွက်ချက်ဖြစ်ပြီး ပဲဈေးကွက်ကိုဖိအားမြင့်တက်လာစေကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံဖက်မှ မတ်ပဲတင်သွင်းမှုကျဆင်းခြင်းနှင့် ကွန်တိန်နာရရှိမှုနည်းပါးခြင်းတို့ကြောင့် မြန်မာ မတ်ပဲဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းလျက်ရှိသော်လည်း အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက် ကြီးမားခြင်းကြောင့် မတ်ပဲတင်ပို့မှုဆက်ရှိနေမည်ဖြစ်ပြီး ဈေးပြန်တက်လာနိုင်ကြောင်း ပဲမျိုးစုံတင်ပို့ရောင်းချသူ လုပ်ငန်းရှင်များ ကပြောကြားပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News