International News

လာအိုကုမ္ပဏီတစ်ခုသည် တရုတ်နိုင်ငံသို့ အမဲသား ပိုမိုတင်ပို့ရန် ဆောင်ရွက်နေ

Last Updated:

လာအိုနိုင်ငံရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသည် နိုင်ငံမြောက်ပိုင်းရှိ Bokeo ပြည်နယ်တွင် နွားမွေးမြူရေးခြံတစ်ခု တည်ဆောက်နေပြီး ပြည်တွင်းနှင့် ပြည်ပဈေးကွက်များ အထူးသဖြင့် တရုတ်နိုင်ငံသို့ အမဲသား တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

လူမှုစီးပွားသတင်း အစီရင်ခံစာအရ Duang Chalern Development Construction Company Group အား လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်း၏ အနောက်မြောက်ဘက် (၃၄၀) ကီလိုမီတာအကွာ၊ Bokeo ပြည်နယ်ရှိ ခရိုင် (၂) ခုတွင် စုစုပေါင်းဧရိယာ (၃,၆၈၇) ဟက်တာရှိသည့် မြေကွက် (၅) ကွက်အား နွားမွေးမြူရန်နှင့် မြက်များစိုက်ပျိုးရန် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါစီမံကိန်းသည် ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့ပြီး နွားမျိုးစိတ် (၄) မျိုးကို စမ်းသပ်မွေးမြူခဲ့ပြီး ယခုအချိန်အထိ နွားအကောင်ရေ(၁,၀၀၀)ကျော်ကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့ပြီးထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကိုလည်း တင်ပို့ခဲ့ကြောင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ Khamphaiy Silaxa က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါစီမံကိန်းသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် (၃၀၀) ကျော်ကို ဖန်တီးပေးထားပြီး Bokeo ခရိုင်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လာအိုနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးပို့ကုန်မှ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံကျော် ရရှိခဲ့ပြီး ပို့ကုန်ရည်မှန်းချက် (၂၀.၁၈) ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ကြောင်း၊ အဓိကတင်ပို့သည့် လယ်ယာထွက်ကုန်များမှာ ငှက်ပျောသီး၊ ရော်ဘာ၊ ပီလောပီနံ၊ ကြံ၊ ကျွဲ၊ နွားများဖြစ်ပြီး တရုတ်နိုင်ငံမှ ဝယ်ယူမှု အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

လာအိုအစိုးရသည် နိုင်ငံခြားငွေရရှိရန်နှင့် ငွေလဲနှုန်းမြင့်မားမှုကို လျှော့ချနိုင်ရေးအတွက် ပို့ကုန်တိုးမြှင့်ရန် လယ်သမားများနှင့် ထုတ်လုပ်သူများကို တိုက်တွန်းအားပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/asiapacific/20240223/1b37e1a966b24406a4d9d723b 13ce70e/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News