International News

အမေရိကန်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုထက်ပို၍စိုးရိမ်ရသော အခြေအနေနှင့် မကြာမီကြုံ တွေ့နိုင်ဖွယ်ရှိ

Last Updated:

အမေရိကန်ဗဟိုဘဏ် (Federal Reserve) အနေဖြင့် ငွေကြေးဖောင်းပွမှုထက်ပို၍ စိုးရိမ်ရသော အခြေအနေနှင့် မကြာမီကြုံတွေ့ရနိုင်ကြောင်း Wall Street Journal အွန်လိုင်း သတင်းတွင် ၁-၆-၂၀၂၄ ရက်၌ “The Fed Might Soon Have to Worry About More Than Just Inflation” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။   

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် အရှိန်လျော့ကျလာခဲ့ပြီး စီးပွားရေးတိုးနှုန်းနှေးကွေးလာခြင်းမှာ မူဝါဒရေးဆွဲသူများ စိုးရိမ်ရသည့် အခြေအနေသို့ မရောက်ရှိသေးသော်လည်း လက်ရှိ အတိုင်းသာ ဆက်သွားပါက စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအနက် တစ်ဦးချင်းစားသုံးမှု အသုံးစရိတ် (Personal Consumption Expenditures – PCE) ဈေးနှုန်းညွှန်းကိန်းအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်ကလည်း ငွေကြေးဖောင်းပွမှုနှုန်းကို ၎င်းညွှန်းကိန်းအပေါ်မူတည်၍ တိုင်းတာခြင်းဖြစ်သဖြင့် ညွှန်းကိန်းအတက်အကျပေါ်မူတည်၍ လာမည့်နိုဝင်ဘာလအတွင်း ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ အတိုးနှုန်းကို လျှော့ချမည် သို့မဟုတ် ယခင်အတိုင်း ဆက်လက်ထားရှိမည်စသည့် အခြေအနေနှစ်ရပ်ကို ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊  PCE ညွှန်းကိန်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် နှိုင်းယှဉ်ပါက (၂.၇) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်ခြင်းမပြုသည့် Core PCE ညွှန်းကိန်းမှာ (၂.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တစ်ဦးချင်းဝင်ငွေသည် မေလတွင် ဧပြီလထက် (၀.၃) ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း မတ်လကထက် (၀.၅) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ တစ်ဦးချင်း အသုံးစရိတ်မှာ မေလတွင် (၀.၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း မတ်လကထက် (၀.၇) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှု တစ်နှစ်ပြီးတစ်နှစ် ထပ်တိုးလာခဲ့သဖြင့် စားသုံးသူများ၏ ငွေစုဆောင်းမှုကို ထိခိုက်လာခဲ့ကြောင်း၊ BMO အဖွဲ့၏ Capital Markets Chief Economist Mr. Scott Anderson က ဧပြီလအတွင်း စုငွေရာခိုင်နှုန်းသည် (၃.၆) ရာခိုင်နှုန်းရှိခဲ့သော်လည်း ယခင်တစ်နှစ်တာအတွင်း ပျမ်းမျှစုငွေ၏ (၅.၂) ရာခိုင်နှုန်းအောက်ရှိခဲ့ပါကြောင်း သိရှိရပါသည်။

ယင်းညွှန်းကိန်းများအပေါ်အခြေခံ၍ တွက်ချက်ထားသည့် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) တိုးနှုန်းသည် (၁.၃) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ဤသို့ကျဆင်းခြင်းမှာ စားသုံးမှု (Consumption) လျော့ကျခြင်းကြောင့် အဓိကသက်ရောက်လျက်ရှိပြီး ဒုတိယသုံးလပတ်အတွင်းတွင် GDP တိုးနှုန်းသည် (၁.၂) ရာခိုင်နှုန်းရှိရန် စီးပွားရေး ပညာရှင်များက ခန့်မှန်းထားပါကြောင်း၊ အချုပ်အားဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် နှေးကွေးလာခဲ့ပြီး ယင်းသို့နှေးကွေးလာခြင်းမှာ ဆက်လက်လျစ်လျူရှု၍မရသည့်အခြေ အနေ ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News