International News

လျှော့ဈေးဖြင့်ရောင်းချသည့် ဈေးဆိုင်များတွင် ဝင်ငွေမြင့်မားသည့် အမေရိကန်နိုင်ငံသားများ ဝယ်ယူမှု မြင့်တက်လာခဲ့

Last Updated:

ဝင်ငွေမြင့်မားသည့် အမေရိကန်နိုင်ငံသားများပင်ဖြစ်သော်လည်း လျှော့ဈေးဖြင့်ရောင်းချ သည့် ဈေးဆိုင်များတွင် ဝယ်ယူမူမြင့်တက်လာခဲ့ကြောင်း CNN အွန်လိုင်းသတင်းတွင် ၃-၆-၂၀၂၄ ရက်၌ “Even high-income Americans are shopping more at discount retailers” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုသည် သတ်မှတ်နှုန်းထက်မြင့်မားခြင်း၊ ပထဝီနိုင်ငံရေးအခြေအနေနှင့် ဥရောပနိုင်ငံများတွင် စီးပွားရေးကျဆင်းမှုများ ရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ခံနိုင်စွမ်းရှိသည့် အခြေအနေတွင် ရှိနေခဲ့ကြောင်း၊ ဤသို့အမေရိကန်နိုင်ငံ၏ စီးပွားရေး ခံနိုင်ရည် စွမ်းရှိမှုသည် အမေရိကန်နိုင်ငံသား စားသုံးသူများကြောင့်ဖြစ်ကြောင်း၊ စားသုံးမှုပမာဏသည်  အမေရိကန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ (၇၀) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ သို့ရာတွင် စားသုံးမှုနှင့် ပတ်သက်သောညွှန်းကိန်းသည် ကျဆင်းလျက်ရှိသည်ဟု အချက်အလက်များက ဖော်ပြလျက်ရှိကြောင်း၊ Bank of America ၏ အမှုဆောင်အရာရှိချုပ် Mr. Brian Moynihan က အမေရိကန်နိုင်ငံသားများ၏ ဝယ်ယူမှုနှုန်းကျဆင်းခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ အကြွေးဝယ်ကတ်၊ ချက်လက်မှတ်နှင့် ATM မှ ငွေထုတ်ယူမှုများကို အခြေခံ၍ စားသုံးသူများ၏ ငွေပေးချေမှုကို တိုင်းတာရာတွင် ယခုနှစ်အတွင်း ဝယ်ယူမှုနှုန်းသည် ၂၀၂၃ ခုနှစ်ကထက် (၃.၅) ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အောက် (၁၀) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ စာရင်းစစ်လုပ်ငန်းဝန်ဆောင်မှုအဖွဲ့ဖြစ်သည့် KPMG ၏ စစ်တမ်းတွေ့ရှိချက်တွင်လည်း ဝယ်ယူမှုနှုန်း ကျဆင်းလျက်ရှိသည်ကို ဖော်ပြနေရှိကြောင်း၊ အမေရိကန်နိုင်ငံ သားများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးအခြေအနေနှင့် ပတ်သက်၍ အကောင်းမြင်မှုများရှိသော်လည်း အမေရိကန်စီးပွားရေး၏လားရာကို စိုးရိမ်လျက်ရှိကြကြောင်း၊ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၂) သိန်း ရှိသည့် ဖြေဆိုသူ (၆၀) ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် ယခုနှစ်အတွင်းတွင် လျှော့ဈေးဖြင့် ရောင်းချသည့် ပစ္စည်းများကိုသာ ဝယ်ယူကြပြီး (၁၄) ရာခိုင်နှုန်းမှာ ယခုဝယ်၊ နောင်မှပေးစသည့် ဝန်ဆောင်မှုများကို အသုံးပြုခဲ့ကြကြောင်း၊ KPMG ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ Mr. Peter Torrente ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံသားများသည်ငွေကြေးဖောင်းပွမှုမှတစ်ဆင့် စီးပွားရေးတိုးတက်မှုအခြေအနေကို လေ့လာကြသဖြင့် ယင်းအချက်သည် ၎င်းတို့၏ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိကြောင်း၊ အလုပ်သမားဈေးကွက်ခိုင်မာမှုရှိသော်လည်း ဝယ်လိုအား လျော့ကျမှုကြောင့် လာမည့်နှစ်များအတွင်း ဖြစ်လာမည့်စီးပွားရေးအခြေအနေကို ခန့်မှန်းရန်ခက်ခဲကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News