International News

ဂျာမန်ငွေကြေးဖောင်းပွမှုသည် ၂၀၂၁ ခုနှစ်၊ နှစ်လယ်မှ ယခုအချိန်ထိ ကာလအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း

Last Updated:

နှစ်အလိုက် ဂျာမန်စားသုံးသူစျေးနှုန်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ၃.၇ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ၂.၉ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း The Federal Statistics Agency (Destatis) မှ ၃၁-၁-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ပဏာမ အချက်အလက်များအရ သိရှိရပါ သည်။ စားသုံးသူစျေးဆနှုန်းကိန်း (CPI) ၂.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော ၂၀၂၁ ခုနှစ် ဇွန်လ နောက်ပိုင်းကာလတွင် ယခုကိန်းဂဏန်းမှာ အနိမ့်ဆုံးဖြစ်ကြောင်း Destatis က ထုတ်ဖော်ပြောကြားခဲ့သည်။

ဇန်နဝါရီလအတွက် စွမ်းအင်ကုန်ကျစရိတ်သည် ယခင်နှစ်ကထက် ၂.၈ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသော အစားအသောက်အတွက် ကုန်ကျစရိတ်များမှာမူ ဇန်နဝါရီလတွင် ၃.၈ ရာခိုင်နှုန်းရှိရာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်ရှိခဲ့သော ၅.၅ ရာခိုင်နှုန်းနှင့် ဒီဇင်ဘာလတွင်ရှိခဲ့သော ၄.၅ ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း တွေ့ရှိရပါ သည်။

ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏ ငွေကြေးဖောင်းပွမှုသည် ကျဆင်းမှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သော်လည်း၊ ဥရောပဗဟိုဘဏ် (ECB) အနေဖြင့် ကာလတိုအတွင်း ချေးငွေကုန်ကျစရိတ်ကို လျှော့ချနိုင်ရေး စဉ်းစားပေးရန် မလုံလောက်သေးပေ။

ECB သည် ယူရိုဇုန်အတွင်း ငွေကြေးဖောင်းပွမှုကို ၎င်း၏သတ်မှတ်ချက်ဖြစ်သော ၂ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိစေရေးအတွက် အဓိကကျသောအတိုးနှုန်းကိုတည်ငြိမ်စေရန် ဇန်နဝါရီလ ၂၅ ရက်တွင် ဆောင်ရွက်ခဲ့သည်။ ECB ၏ ဥက္ကဋ္ဌဖြစ်သူ Ms. Christine Lagarde က ၎င်းတို့လိုအပ်သော နောက်ဆုံးရ စီးပွားရေးအချက်အလက်များကို ပံ့ပိုးပေးနိုင်ပါက  ပထမဆုံးအကြိမ် အတိုးနှုန်း လျှော့ချပေးခြင်းကို လာမည့်နွေရာသီတွင် ဆောင်ရွက်ပေးနိုင်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။

မြူးနစ်အခြေစိုက် ifo Institute စီးပွားရေးသုတေသနအဖွဲ့မှ ၃၁-၁-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်းအချက်အလက်များတွင်  ဂျာမနီရှိ စားသုံးသူများနှင့် တိုက်ရိုက်ထိတွေ့နေသော ကုမ္ပဏီများအနေဖြင့် လာမည့်နှစ်တွင် ဈေးနှုန်းများ တိုးမြှင့်ရန် စီစဉ်နေကြကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် ငွေကြေးဖောင်းပွမှုသည် လာမည့်လများအတွင်း တဖြည်းဖြည်းသာ ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ifo စီးပွားရေးသုတေသန ဒါရိုက်တာဖြစ်သူ Timo Wollmershäuser က ပြောကြားခဲ့သည်။

 

 

Source:         https://www.dw.com/en/german-inflation-drops-to-slowest-pace-since-mid-2021/a-68134483

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News