International News

တောင်ကိုရီးယားနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေတိုးတက်ကောင်းမွန်လာစေရေး အစိုးရအသုံးစရိတ်ကို လျှော့ချသွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံအစိုးရသည် ကမ္ဘာ့စီးပွားရေးနှေးကွေးနေချိန်တွင် နိုင်ငံ၏ဘဏ္ဍာရေး အခြေအနေ တိုးတက်ကောင်းမွန်မှုရှိလာစေရန်ရည်ရွယ်၍ နိုင်ငံ့အသုံးစရိတ်ကို လျှော့ချသွားရန် စီစဉ်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံ့အသုံးစရိတ်ကို ယခု ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂.၈ ရာခိုင်နှုန်းသာ တိုးမြှင့်ချထားပေးသွားရန်စီစဉ်ထားရှိရာ အဆိုပါရာခိုင်နှုန်းသည် ဆယ်စုနှစ် နှစ် ခုနီးပါးအတွင်း အနည်းဆုံးတိုးမြှင့်ချထားမှုနှုန်းထား ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် နိုင်ငံ့အသုံးစရိတ် (Budget) ကို အမေရိကန်ဒေါ်လာ ၄၅၉ ဘီလီယံ (တောင်ကိုရီးယားဝမ်ငွေ ၆၅၆.၉ ထရီ လီယံ) လျာထားကြောင်း ၂၉-၈-၂၀၂၃ ရက်နေ့တွင် အဆိုပြုခဲ့ပါသည်။ ၂၀၂၃ ခုနှစ်အတွက် လျာထားသတ်မှတ်ပေးခဲ့သည့် ပမာဏဖြစ်သော ၆၃၈.၇ ထရီလီယံဝမ်နှင့်နှိုင်းယှဉ်လျှင် တိုးမြှင့်လျာထား သတ်မှတ်မှုကျဆင်းသွားပါသည်။ ၂၀၂၃ ခုနှစ်အတွက် အသုံးစရိတ်လျာထားစဉ်က ၂၀၂၂ ခု နှစ်အတွက် လျာထားခဲ့သည့် ပမာဏထက် ၅.၁ ရာခိုင်နှုန်းပိုမိုလျာထားခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ် ရောဂါကာလအတွင်း ကျင့်သုံးခဲ့သည့် စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို ဆက်လက်ဆောင်ရွက်ခြင်းပြုတော့မည်မဟုတ်သည့်အပြင် သမ္မတယွန်ဆုခ်ယော်လက်ထက်တွင် ပြည်တွင်းနေထိုင်သူများ အခွန်အကောက်ပေးဆောင်ရမှု ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန်ဆောင်ရွက်ခဲ့သည့် အစီအစဉ် များကြောင့် အခွန်ဘဏ္ဍာလျော့နည်းရရှိခဲ့မှုများကို ပြန်လည်ချိန်ညှိနိုင်ရန် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံ့အသုံးစရိတ်တိုးမြှင့်ချထားမှုရာခိုင်နှုန်းကို ယခင်နှစ်များနှင့်ယှဉ်လျှင် လျှော့ချသတ်မှတ်ခြင်း ဖြစ်ပါသည်။

အဆိုပါအစီအစဉ်ကို အစိုးရအဖွဲ့မှ ၂၉-၈-၂၀၂၃ ရက်နေ့တွင် အတည်ပြုပြီးဖြစ်သည့်အတွက် ခွင့်ပြုချက်ရရှိရေး လွှတ်တော်သို့ ၁-၉-၂၀၂၃ ရက်နေ့တွင် တင်ပြသွားမည်ဖြစ်ပါသည်။ သမ္မတ ယွန်းကလည်း အစိုးရအနေဖြင့် စီးပွားရေးလှုံ့ဆော်မှုအတွက် အသုံးစရိတ်များကို မဆင်မခြင်တိုးမြှင့်ချ ထားသည့်မူဝါဒအစား နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေကောင်းမွန်စေမည့်မူဝါဒကို ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါကြောင်း၊ နောင်မျိုးဆက်များအပေါ်အကြွေးဝန်ထုပ်ဝန်ပိုး တင်ကျန်ရစ်မှု မရှိစေရန်နှင့် ပုဂ္ဂလိကဦးဆောင်သည့် စီးပွားရေးနှင့် ဈေးကွက်ဦးဆောင်သည့် စီးပွားရေးတစ်ရပ် ပေါ်ထွန်းလာစေရန် ကြိုးပမ်းအားထုတ်မှုကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အပတ်စဉ်ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ်တာဝန်နှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးတာဝန် ယူထားသည့် Mr. Choo Kyung-ho က နိုင်ငံဘဏ္ဍာကို မဆင်မခြင်စီမံခန့်ခွဲမှုသည် ပြင်ပမှ ဘဏ္ဍာရေး ဆိုင်ရာယုံကြည်ခံရမှု ကျဆင်းလာမည်ဖြစ်သည့်အပြင်  နောင်မျိုးဆက်များအပေါ်တွင်လည်း ဝန်ထုပ် ဝန်ပိုးဖြစ်စေပါကြောင်း၊ ယခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းတွင် ဝမ်ငွေ ၅၈.၂ ထရီလီယံ လျော့ နည်းမည်ခန့်မှန်းထားသည့်အတွက် နိုင်ငံ၏ GDP တွင် ဘဏ္ဍာရေးလိုငွေပြမှုရာခိုင်နှုန်းသည် ၂.၆ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဘဏ္ဍာရေးလိုငွေပြမှုသည် ဝမ်ငွေ ၉၂ ထရီလီယံအထိ ရောက်ရှိနိုင်သည့်အတွက် GDP တွင် ဘဏ္ဍာရေးလိုငွေပြမှုရာခိုင်နှုန်းသည် ၃.၉ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပါကြောင်း၊ အဆိုပါပမာဏသည်အစိုးရ၏ ဘဏ္ဍာရေးစည်းမျဉ်းအရ မျှော်မှန်းသတ်မှတ်ထားသည့် ၃ ရာခိုင်နှုန်းထက် ပိုမိုမည်ဖြစ်ပါကြောင်းနှင့် GDP တွင် ဘဏ္ဍာရေး လိုငွေပြမှုရာခိုင်နှုန်းကို ၂၀၂၇ ခုနှစ်တွင် ၂.၅ ရာခိုင်နှုန်းဝန်းကျင်တွင်သာ ရှိနေစေရန် အစိုးရက ရည်မှန်းထားပါကြောင်း  ပြောကြားခဲ့ပါသည်။

 

 

Source; The Korea Times (30-8-2023)

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

 

Category: International News