International News

တရုတ်နိုင်ငံသည် လာမည့်ဆယ်စုနှစ်အတွင်း လယ်ယာထွက်ကုန် တင်သွင်းမှုကို ဆက်လက်ဦးဆောင်မည်

Last Updated:

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် USDA ၏ အစီရင်ခံစာတွင် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ တရုတ်၊ အရှေ့တောင်အာရှ၊ အနောက်အာရှနှင့်လက်တင်အမေရိကတို့သည် လာမည့်ဆယ်စုနှစ်အတွင်းကမ္ဘာ့ကုန်သွယ်မှု၏ အဓိကမောင်းနှင်အားများ ဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း၊ အဆိုပါဒေသများ၌ စားသောက်ကုန်ဝယ်လိုအား မြင့်တက်လာခြင်းသည် ကုန်သွယ်ရေးတိုးတက်မှုကို တွန်းအားဖြစ်စေမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အရှိန်အဟုန်တွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုဖြစ်လာမည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ပဲပုပ်အများဆုံး တင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်ပြီး ၂၀၃၃/ ၃၄ တွင် ကမ္ဘာ့ပဲပုပ်တင်သွင်းမှု၏ (၆၂.၄) % ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လာမည့် (၁၀) နှစ်အတွင်း တရုတ်နိုင်ငံ၏ ပဲပုပ်ဝယ်လိုအားသည် ကမ္ဘာ့ပဲပုပ်ကုန်သွယ်မှုကို ဆက်လက်မြင့်တက်လာစေမည်ဖြစ်ပြီး ကမ္ဘာ့ပဲပုပ်တင်သွင်းမှုသည် တန်ချိန် (၂၂၁.၆) သန်းအထိ ရှိလာမည်ဖြစ်ကြောင်း သိရှိရပါ သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ နှစ်စဉ် ကောက်ပဲသီးနှံတင်သွင်းမှုသည် ၂၀၃၃/၃၄ တွင် တန်ချိန် (၄၄.၂) သန်းအထိ ရောက်ရှိလာမည်ဖြစ်ပြီး တန်ချိန် (၃.၄) သန်း တိုးလာမည်ဟု မျှော်မှန်းထားသော်လည်း ၂၀၂၀/၂၁ တွင် ရောက်ရှိခဲ့သည့် အမြင့်ဆုံးစံချိန်ဖြစ်သည့် တန်ချိန် (၅၀.၅) သန်း အောက် လျော့နည်းနေသေးကြောင်း သိရှိရပါသည်။

ကမ္ဘာ့ပြောင်းအများဆုံး တင်သွင်းသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၃၃/၃၄ တွင် ပြောင်းတန်ချိန် (၂၆) သန်း တင်သွင်းမည်ဟု မျှော်မှန်းထားပြီး ပြောင်းတင်သွင်းမှုတွင် တိုးတက်မှု မရှိသလောက်နီးပါးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ တိရစ္ဆာန်အစာဝယ်လိုအား တိုးတက်မှုသည် ပြည်တွင် ပြောင်းထုတ်လုပ်မှုထက် ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး တိရစ္ဆာန်အစာ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် တရုတ်နိုင်ငံ၏ နှံစားပြောင်းနှင့် မုယောစပါး တင်သွင်းမှုသည် ၂၀၃၃/၃၄တွင် တန်ချိန် (၉.၁) သန်းနှင့် တန်ချိန် (၈.၆) သန်းအထိ အသီးသီးမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

 

တရုတ်နိုင်ငံသည် ကမ္ဘာ့နှံစားပြောင်းကုန်သွယ်မှု၏ (၈၃) % ခန့်ရှိပြီး နှံစားပြောင်း တင်သွင်းသည့် ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ ၂၀၃၃/၃၄ တွင် တန်ချိန် (၉.၁) သန်းခန့်ရှိမည်ဖြစ်ပြီး တင်သွင်းမှုတည်ငြိမ်နေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ပြောင်းတင်သွင်းမှုကို ခွဲတမ်း (Quota)သတ်မှတ်ထားသော်လည်း နှံစားပြောင်း သို့မဟုတ် မုယောစပါး တင်သွင်းမှုတွင် ခွဲတမ်းမရှိကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံသည်  မုယောစပါး အများဆုံး တင်သွင်းသည့် နိုင်ငံအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး တစ်နှစ်လျှင် မုယောစပါးတင်သွင်းမှု တန်ချိန် (၈.၅)သန်းမှ (၈.၆) သန်းအထိ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း၊ တိရစ္ဆာန်အစာ ဝယ်လိုအားသည် မုယောစပါးတင်သွင်းမှု၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သော်လည်း တရုတ်နိုင်ငံသည် မုယောစပါးကို အဓိကအားဖြင့် ဘီယာထုတ်လုပ်ရန်အတွက် တင်သွင်းခြင်းလည်းဖြစ်ကြောင်း၊ ၂၀၂၄/၂၅ တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့မုယောစပါးတင်သွင်းမှု၏ (၂၈.၃)% ရှိရာမှ ၂၀၃၃/၃၄ တွင် (၂၅.၉)% သို့ ကျဆင်းသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

တစ်ချိန်တည်းမှာပင် တရုတ်အစိုးရအာဏာပိုင်များသည် စားနပ်ရိက္ခာထွက်ရှိမှုကို ဦးစားပေးမြှင့်တင် ၍ အရန်အမြောက်အမြားထားရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ဂျုံတင်သွင်းမှုသည် တန်ချိန် (၁၀.၇) သန်းမှ ၂၀၃၃/၃၄ တွင် တန်ချိန် (၉.၇) သန်းသို့ တဖြည်းဖြည်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source: https://www.apk-inform.com/en/news/1539928

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News