International News

ကုန်စည်ဈေးနှုန်းများ ကျဆင်းရေးအတွက် ဆန်၊ ပြောင်းအပါအဝင် ကုန်စည်များ၏ အခွန်နှုန်း ထားများ လျှော့ချပေးသည့် အစီအစဉ်အား ၂၀၂၈ ထိ ဆက်လက်ဆောင်ရွက်ပေးသွားရန် ဖိလစ်ပိုင်အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့မှ အတည်ပြု

Last Updated:

သမ္မတမားကို့စ်ဦးဆောင်သည့် ဖိလစ်ပိုင် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ (National Economic Development Authority-NEDA) မှ လက်ရှိအခွန်နှုန်း လျှော့ချကောက်ခံပေးနေသည့်အစီအစဉ် Comprehensive Tariff Program အား ၂၀၂၈ ခုနှစ်ထိ ဆက်လက်ဆောင်ရွက်ရန် ၃-၆-၂၀၂၄ ရက်နေ့က အတည်ပြုခဲ့ပါသည်။

ယခုအစီအစဉ်သည် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံကုန်စည်များအား လက်လှမ်းမီ ဝယ်ယူခွင့်ရရှိစေရန်နှင့် စားသုံးသူနှင့် ထုတ်လုပ်သူများကြား နှစ်ဦးနှစ်ဘက်စလုံး အတွက် အကျိုးရှိနေမည်ဖြစ်မည်ဖြစ်ပြီး ထိုမှတဆင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မဟာဗျူဟာကျသည့် အရွေ့တစ်ခုဖြစ်စေသည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း ဖိလစ်ပိုင် လူမှုစီးပွားစီမံကိန်းဌာနဝန်ကြီးမှ ၄-၆-၂၀၂၄ ရက်နေ့က သမ္မတနန်းတော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

Committee on Tariff and Related Matters (CTRM) ၏ ထောက်ခံတင်ပြချက်တစ်ခု ဖြစ်သော လက်ရှိစိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် သက်ဆိုင်သည့် ကုန်စည်လိုင်းများအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းထားများကို လက်ရှိနှုန်းထားထက် တစ်ဝက်ကျော်ခန့်ထိ လျှော့ချကောက်ခံစေရန် ၁၇ ကြိမ်မြောက် ဘုတ်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထိုသို့လျှော့ချပေးခြင်းဖြင့် ကုန်ကြမ်းပစ္စည်းများအတွက် ကုန်ကျစရိတ်လျော့ကျစေပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြင့်တက်လာနိုင်သဖြင့် ကမ္ဘာ့ဈေးကွက်တွင်လည်း ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဓာတုပစ္စည်းများ၊ အထည်လိပ်များ၊ စက်ပစ္စည်းများ၊ ပို့ဆောင်ရေးပစ္စည်းများ စသည့်ကုန်စည်လိုင်းများအား စုပေါင်း၍ ယခုထက် ပိုမိုထိရောက်ကောင်းမွန်သည့် အကောက်ခွန်စနစ်နှင့် လုပ်ငန်းချောမွေ့လွယ်ကူစေရေး (ease of doing business) ဆောင်ရွက်ပေးသွားရန်ကိုလည်း ဘုတ်အဖွဲ့မှ သဘောတူညီဆုံးဖြတ်ခဲ့ကြပါကြောင်း ဖော်ပြပါရှိပါသည်။

ဓာတုပစ္စည်းများနှင့် ကျောက်မီးသွေးတုံးများ (coal briquettes) များအပေါ် ကောက်ခံသည့်  အကောက်ခွန်နှုန်းထားများအား လျှော့ချပေးခြင်းသည် ပြည်တွင်းလောင်စာဖူလုံမှု တိုးမြင့်လာနိုင်ပြီး သွင်းအားစုများအား သင့်တော်သောနှုန်းထားများဖြင့် ဝယ်ယူနိုင်သဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေနိုင်ပြီး ယခုထက်ပိုမိုတည်ငြိမ်သည့် လျှပ်စစ်ခနှုန်းထားများဖြစ်စေရေး အထောက်အပံ့ပေးနိုင်ပါသဖြင့် CTRM ၏ ထောက်ခံတင်ပြချက်အပေါ် ဘုတ်အဖွဲ့မှ အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်က အမိန့်ကြော်ငြာစာအမှတ် ၅၀ ဖြင့် ထုတ်ပြန်ခဲ့သည့် ပြောင်း၊ ဝက်သားနှင့် ကျောက်မီးသွေးတို့အပေါ် ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချခဲ့ပေးခြင်းကို ပြည်တွင်းရှိ အဆိုပါကုန်စည်များ၏ဈေးနှုန်း တည်ငြိမ်စေရန်၊ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်၊ ပြည်တွင်းရိက္ခာဖူလုံမှုရှိစေရန် စသည်ဖြင့် ၂၀၂၈ ခုနှစ်နှစ်ထိ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

ဆန်အပေါ်ကောက်ခံသည့် အကောက်နှုန်းထား လျှော့ချမှုသည်လည်း အလားတူပင်ဖြစ်ပါ ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသား မိသားစုများ၏ ဆန်စားသုံးမှုမှာ အရေးကြီးသည့် အစိတ်အပိုင်းတွင် ပါဝင်သဖြင့် in-quota နှင့် out-quota နှုန်းထားနှစ်ခုစလုံးတွင် မူလက ၃၅% ကောက်ခံနေရာမှ ၁၅% ထိ လျှော့ချပေးခဲ့ခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ  ငွေကြေးဖောင်းပွမှုနှုန်း၏ ၅၀% ကျော်ခန့် မှာ ဆန်ကဏ္ဍမှပါဝင်သည်  တွေ့ရှိရကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် သကြား၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ ဆလတ်ရွက်၊ ကန်စွန်းဥ၊ ပိန်းဥစသည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအပေါ် ကောက်ခံ သည့် အခွန်နှုန်းထားများကိုလည်း တိုးမြှင့်ခြင်းမရှိပဲ ဆက်လက်ထားရှိပေးသွားမည်ဖြစ်ပါ သည်။ မူဝါဒများ ဖြေလျှော့ပေးဖြင်းဖြင့် ပြည်တွင်းကုန်စည်ဈေးနှုန်းများ တည်ငြိမ်စေနိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှု ခေတ်မှီတိုးတက်စေရေးအတွက် နှစ်ရှည်စီမံကိန်းများ၊ ပုံသေဆောင်ရွက်ထားပြီး ဖြေရှင်းနိုင်သည့်နည်းလမ်းများ လိုအပ်သည်ကိုလည်း သိရှိပါကြောင်း ဖော်ပြပါရှိပါသည်။

မားကို့စ်အစိုးရအနေဖြင့်လည်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင် ရွက်လျက်ရှိကြောင်းကို လေးလေးနက်နက် ပြောကြားလိုပါကြောင်း၊ ဥပမာအားဖြင့်ဆိုရလျှင် စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အသုံးစရိတ်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၆၉% ထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း NEDA Chief မှ အလေးထား ရှင်းလင်းခဲ့ပါသည်။ NEDA Board အဖွဲ့၏ သဘောတူညီချက်အရ သမ္မတမားကို့စ်မှ အကောက်ခွန်နှုန်းထားသစ် အစီအစဉ်နှင့် စပ်လျဉ်း၍ အမိန့်ကြော်ငြာစာအသစ်အား ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဆန်၊ ပြောင်း၊ ဝက်သားတင်သွင်းခြင်းအတွက် ကောက်ခံသည့် အကောက်ခွန်နှုန်းထား လျှော့ချပေးထားသည့် အမိန့်ကြော်ငြာစာမှာ ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့်  National Economic Development Authority-NEDA ဘုတ်အဖွဲ့မှ ၃၁-၁၂-၂၀၂၄ ခုနှစ်ထိ သက်တမ်းတစ်နှစ် ထပ်မံတိုးပေးခဲ့ပြီးဖြစ်ပါသည်။ ယခုထပ်မံ၍ New Tariff Program အကောက်ခွန်နှုန်းထားသစ်အစီအစဉ်အနေဖြင့် အကောက်ခွန်နှုန်းလျှော့ချပေးခြင်းကို ၂၀၂၈ ခုနှစ်ထိ ဆောင်ရွက်ပေးသွားရန် NEDA Board မှ သဘောတူညီခဲ့ခြင်းဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်သွားမည်ဖြစ်ပါသည်။

ယခုကဲ့သို့ အခွန်နှုန်းထား လျှော့ချထားပေးခြင်းကို သက်တမ်းတိုးပေးလိုက်ခြင်းက နိုင်ငံတကာ ဈေးကွက်ဈေးနှုန်း မြင့်တက်ခြင်းဆိုင်ရာ ရိုက်ခတ်မှုအား လျှော့ချပေးနိုင်ခြင်း၊ အခွန်နှုန်းထား မြင့်နေခြင်းကြောင့် ဈေးနှုန်းများပြောင်းလဲသွားမည်ဖြစ်ပြီး စားသုံးသူများမှ ဈေးနှုန်းမြင့်ဖြင့် ဝယ်ယူစားသုံးရမည်ဖြစ်ပါသည်။  ထိုမှတဆင့် ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်စေနိုင်သည့် အကျိုးဆက်အား ဆက်လက်ဖြစ်ပွားနိုင်မည်ဟု သုံးသပ်သဖြင့် အကောက်ခွန်နှုန်းလျှော့ချပေးမည့် အစီအစဉ်သစ်အား ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါ သည်။

 

 

Source; https://pco.gov.ph/news_releases/neda-board-approves-comprehensive-tariff-program-calibrating-current-tariff-rates-until-2028-to-lower-prices-of-goods/

 (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News