International News

ယူအေအီးနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၅၁.၉ သန်းဖြင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှရရှိသော၀င်ငွေစာရင်းတွင် ကမ္ဘာ့အဆင့် ၆ နေရာသို့ မြင့်တက်လာခဲ့

Last Updated:

နိုင်ငံတကာခရီးသွားလုပ်ငန်းဝင်ငွေအကောင်းဆုံးနိုင်ငံများစာရင်းတွင် ယူအေအီးနိုင်ငံသည် ဝင်ငွေအမေရိကန် ဒေါ်လာ ၅၁.၉ သန်းရရှိခဲ့ပြီး အဆင့် ၁၃ နေရာမှ အဆင့် ၆ နေရာအထိမြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂခရီးသွားလုပ်ငန်း၏ ၂၀၂၄ ခုနှစ်၊ မေလတွင်ထုတ်ပြန်ခဲ့သော ကမ္ဘာ့ခရီးသွားလုပ်ငန်းအတိုင်းအတာ၏ အချက်အလက်များစာရင်းတွင် ဖော်ပြပါရှိပါသည်။

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအေဂျင်စီ၏အဆိုအရ နိုင်ငံတကာခရီးသွားလုပ်ငန်းဝင်ငွေအဆင့်သတ်မှတ်ချက်များတွင် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံကဦးဆောင်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၁၇၆ ဘီလီယံရရှိခဲ့ကာ စပိန်နိုင်ငံ(အမေရိကန်ဒေါ်လာ ၉၂ ဘီလီယံ)၊ ဗြိတိန်နိုင်ငံ(အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံ)၊ ပြင်သစ်နိုင်ငံ(အမေရိကန်ဒေါ်လာ ၆၉ ဘီလီယံ)နှင့် အီတလီနိုင်ငံ အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံ)အသီးသီးရရှိခဲ့ကြကာ ယူအေအီးနိုင်ငံအနေဖြင့် ဆဋ္ဌမမြောက်နေရာကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါစာရင်းအရ တူရကီနိုင်ငံ၊ ဩစတေးလျနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ တရုတ်(မကာအို)နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မက္ကစီကိုနိုင်ငံများမှာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းမှ ဝင်ငွေအများဆုံးရရှိသည့်ထိပ်တန်းနိုင်ငံ ၁၅ ခုစာရင်းတွင် ပါဝင်ခဲ့ကြပါသည်။

ထိပ်တန်းဝင်ငွေရရှိသည့်နိုင်ငံများ၏နေရာအဆင့်မြင့်တက်လာမှုစာရင်းတွင် ဗြိတိန်နိုင်ငံသည် ကူးစက်ရောဂါကြိုတင်ကာလတွင် အဆင့် ၅ နေရာတွင်ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် အဆင့် ၃ နေရာသို့ မြင့်တက်ခဲ့ပြီး  တူရကီနိုင်ငံသည် အဆင့် ၁၂ နေရာမှအဆင့် ၇ နေရာသို့လည်းကောင်း၊ ကနေဒါနိုင်ငံသည် အဆင့် ၁၅ နေရာမှ အဆင့် ၉ နေရာသို့လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံသည် အဆင့် ၂၇ နေရာမှအဆင့် ၁၂ နေရာသို့လည်းကောင်း၊ မက္ကစီကိုနိုင်ငံသည် အဆင့် ၁၇ နေရာမှအဆင့် ၁၅ နေရာသို့လည်းကောင်း အသီးသီးမြင့်တက်လာခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဆက်လက်၍ ခရိုအေးရှားနိုင်ငံ(အဆင့် ၃၂ နေရာမှ အဆင့် ၂၅ နေရာ)၊ မော်ရိုကိုနိုင်ငံ(အဆင့် ၄၁ နေရာမှ အဆင့် ၃၁ နေရာ)နှင့် ဒိုမီနီကန်သမ္မတနိုင်ငံ(အဆင့် ၄၃ နေရာမှ အဆင့် ၃၄ နေရာ)သို့ အသီးသီးမြင့်တက်လာခဲ့ကြပြီး ကာတာနိုင်ငံ(အဆင့် ၅၁ နေရာမှ အဆင့် ၃၇ နေရာ)နှင့် ကိုလံဘီယာနိုင်ငံ(အဆင့် ၅၀ နေရာမှ အဆင့် ၄၄ နေရာ) တို့သည်လည်း ထိပ်တန်းဝင်ငွေရရှိသည့်နိုင်ငံ ၅၀ စာရင်းသို့မြင့်တက်လာခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြပါရှိပါ သည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News