International News

ထိုင်းပို့ကုန်လုပ်ငန်းရှင်များက ပို့ကုန်တိုးတက်မှုမျှော်မှန်းချက်ကို လျှော့ချခဲ့

Last Updated:

ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီက အဓိကကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများဖြစ်သော အမေရိကန်၊ အီးယူနှင့် တရုတ်တို့၏ စီးပွားရေးထူထောင်မှုနှေးကွေးခြင်းနှင့် မသေချာမှုများအပြင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းကြောင့် ၎င်း၏ ပို့ကုန်တိုးတက်မှု မျှော်မှန်းချက်အား ယခင် ၁ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်း ခန့်မှန်းထားခဲ့သော်လည်း ယခုအခါ (-)၀.၅ ရာခိုင်နှုန်း မှ ၁ ရာခိုင်နှုန်း အတွင်းသာ ခန့်မှန်းထားပါကြောင်း ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ မြင့်မားသော ငွေကြေးဖောင်းပွမှုနှုန်း ဖြစ်နေခြင်းသည် စီးပွားရေးကို နှေးကွေးစေနိုင်ကြောင်း၊ လုပ်ငန်းရှင်များအတွက် ချေးငွေကုန်ကျစရိတ် မြင့်တက်စေပြီး တင်ပို့သူများအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားစေပါကြောင်း၊ လျှပ်စစ်ဓာတ်အားခနှင့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ မြင့်မားလာခြင်းတို့သည် နိုင်ငံ တကာဈေးကွက်တွင် ထိုင်း၏ယှဉ်ပြိုင်နိုင် စွမ်းအားအပေါ် သက်ရောက်မှုရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်မှုမြင့်မားပါကြောင်း၊ လယ်ယာထုတ်ကုန်တင်ပို့မှုတွင် အနုတ်လက္ခ ဏာပြနိုင်ပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေသော်လည်း ထိုင်းနိုင်ငံသည် တဖြည်းဖြည်း တိုးတက်နေပါကြောင်း၊ ပို့ကုန်ဈေးကွက်အသစ်များဖြစ်သည့် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ အစားအစာနှင့် ဆန်နှင့် သကြားအပါအဝင် လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ပါကြောင်း၊ ဥရောပနှင့် အမေရိကတို့မှ လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ မှာယူကြပါကြောင်း Mr. Chaichan က ဆက်လက်ပြောကြားပါသည်။

ပို့ကုန်မြင့်တက်ရန်အတွက် အစိုးရသစ်အနေဖြင့် ပို့ကုန်အစီအစဉ်ကို ရေးဆွဲရန်နှင့် စီးပွားရေးကို မောင်းနှင်ရန် အဆိုပြုလိုပါကြောင်း၊ ထိုင်း-အီးယူနှင့် ထိုင်း-UAE  FTA  များကို အကောင်အထည်ဖော်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်စေလိုကြောင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျော့ကျစေရေး ဆောင်ရွက်စေလိုကြောင်း၊ ကောင်စီအနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မေလအတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၂၄.၃ ဘီလီယံနှင့် သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂၆.၂ ဘီလီယံ ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁.၈၄ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် အချက်အလက်များအား ကိုးကား၍ Mr. Chaichan ပြောကြားခဲ့ပါသည်။

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News