International News

အမေရိကန်ဒေါ်လာအပေါ်မှီခိုနေမှုကို လျှော့ချကာ တရုတ်ငွေကြေး ယွမ်အစားထိုး အသုံးပြုရန် ဘိုလီးဗီးယား သမ္မတ Mr. Luis Arce Catacora က ထောက်ခံပြောကြားခဲ့

Last Updated:

အမေရိကန်ဒေါ်လာအပေါ် မှီခိုနေမှုကိုလျှော့ချကာ တရုတ်ငွေကြေး ယွမ်အစားထိုး အသုံးပြုရန် ဘိုလီးဗီးယား (Bolivia) နိုင်ငံ သမ္မတ Mr. Luis Arce Catacora က ထောက်ခံပြောကြားခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်ထုတ် Merco Press အွန်လိုင်းသတင်းတွင် “ Bolivian leader in favor of switching from US dollars to Yuan” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းအရ ဘိုလီးဗီးယားသမ္မတ Mr. Luis Arce Catacora သည် အမေရိကန်ဘဏ္ဍာရေးစနစ်မှ ချမှတ်ထားသော ကန့်သတ်မှုများနှင့် စည်းမျဉ်းစည်းကမ်းများကြောင့် ငွေကြေးဆိုင်ရာ ရွေးချယ်မှုများနှင့် နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်ခွင့်များကို ကန့်သတ်ထားသဖြင့် ဒေသတွင်းနိုင်ငံများအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာအစား တရုတ်ငွေကြေး ယွမ်ကဲ့သို့သော ငွေကြေးများကို အစားထိုးအသုံးပြုခြင်း၊ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်မှုများ၊ ငွေကြေးလွှဲပြောင်းမှုများတွင် ကိုယ်ပိုင်ငွေကြေးများအသုံးပြုမှု မြှင့်တင်ခြင်းဖြင့် ဒေသတွင်းငွေကြေးများကို ခိုင်မာစေရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ BRICS နှင့် အခြားသော ပေါင်းစည်းရေးယန္တရားများကဲ့သို့ ကမ္ဘာ့စီးပွားရေးဖွဲ့စည်းမှုစနစ်အသစ် (new world economic order) အတွက် စီမံဆောင်ရွက်ရမည်ဟု အာဂျင်တီးနားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်က ကျင်းပခဲ့သည့် Mercosur Countries အဖွဲ့ဝင်နိုင်ငံများ၏ (၆၂) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တရုတ်-ဘိုလီးဗီးယား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရန် တောင်အမေရိကနိုင်ငံ၌ တရုတ်ဘဏ်ခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘိုလီးဗီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သကဲ့သို့  ဘိုလီးဗီးယား စီးပွားရေးဝန်ကြီး Mr. Marcelo Montenegro ကလည်း တရုတ် ငွေကြေးယွမ်ဖြင့် လည်ပတ်သည့်ဘဏ်တစ်ခု ထားရှိခြင်းသည် နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုအတွက် အကျိုးရှိစေမည့် ဆောင်ရွက်မှုဖြစ်သည်ဟု ဇွန်လအတွင်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့သည့် ဘိုလီးဗီးယားနိုင်ငံ၏ ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ သန်း (၈၀၀) ကျော်ရှိပြီး သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံအထိရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် အမေရိကန်ဒေါ်လာအစား ၎င်း၏ငွေကြေးယွမ်ကို အစားထိုးအသုံးပြုနိုင်ရေး အရှိန်မြှင့်လုပ်ဆောင်လာလျက်ရှိပြီး BRICS နှင့် နိုင်ငံချို့တွင်သာမက ဘိုလီးဗီးယားနိုင်ငံကဲ့သို့ တောင်အမေရိကနိုင်ငံများတွင်ပါ အမေရိကန်ဒေါ်လာ အသုံးပြုမှု လျှော့ချနိုင်ရေးကြိုးပမ်းလာသည်ကို တွေ့ရှိရပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

https://en.mercopress.com/2023/07/05/bolivian-leader-in-favor-of-switching-from-us-dollars-to-yuan

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News