International News

ဂျာမနီတွင် စားသုံးသူ ယုံကြည်မှုများ လျော့နည်းကျဆင်းလာဖွယ်ရှိ

Last Updated:

Market Research Institute (GfK) ၏ လစဉ်သတ်မှတ်တိုင်းတာသည့် barometer အရ ဂျာမန် စားသုံးသူများ၏ယုံကြည်မှုသည် စက်တင်ဘာလတွင် ကျဆင်းဖွယ်ရှိကြောင်း ဖော်ပြနေပေသည်။

စားသုံးသူများ၏ယုံကြည်မှုသည် ဇူလိုင်လနှင့် နှိုင်းယှဉ်လျှင် ဩဂုတ်လတွင် အနည်းငယ်တိုးလာခဲ့ပြီးနောက် စက်တင်ဘာလအတွင်း barometer ၌ ၀.၉ မှတ်မှ အနှုတ် ၂၅.၅ မှတ်အထိ ကျဆင်းသွားလိမ့်မည်ဟု GfK ၏ သုတေသီများက မျှော်လင့်ထားပါသည်။

စားသုံးသူများ၏ စားသုံးမှုအခြေအနေသည် ယေဘုယျအားဖြင့် အလွန်နိမ့်သော အဆင့်တွင်ရှိ နေသော်လည်း လတ်တလောတွင် စားသုံးသူများ၏ ယုံကြည်မှုမြင့်တက်နိုင်သည်၊ ကျဆင်းနိုင်သည်ဟူသော ပြတ်သားသောလမ်းကြောင်းတစ်ခုအား  မပြသနိုင်သေးကြောင်း GfK မှ Rolf Bürkl က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း စားသုံးသူများ၏ စိတ်ခံစားချက်များ စဉ်ဆက်မပြတ် ပြန်လည်ကောင်းမွန်လာနိုင်သည့် အခွင့်အလမ်းများ ပိုမိုနည်းပါးလာကြောင်းနှင့်  စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးနှုန်းများ အားလုံးထက်ပင် မြင့်မားနေသော ငွေကြေးဖောင်းပွမှုနှုန်းကြောင့် လက်ရှိအချိန်တွင် စားသုံးသူများ၏ ယုံကြည်မှုကို တိုးလာစေမည်မဟုတ်သည်မှာ သေချာပါကြောင်း Bürkl က ဆက်လက်ပြောကြားခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ ကိုဗစ်ကပ်ရောဂါ၏ နောက်ဆက်တွဲနှင့် ရုရှား၏ယူကရိန်းကို ကျူးကျော်မှုတို့အကြား ၂၀၂၂ ခုနှစ် နွေရာသီကတည်းက ပုံမှန်မဟုတ်ဘဲ နိမ့်ကျနေသော အဆင့်ကို ဖော်ပြနေခဲ့သော barometer တွင် အနည်းနှင့်အများ တည်ငြိမ်လာခဲ့ပြီ ဖြစ်ပါသည်။ ယင်းသို့ ပုံမှန်မဟုတ်ဘဲ နိမ့်ကျနေခဲ့သည့်အချိန်သည်  စွမ်းအင်စျေးနှုန်းများ အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အချိန်ကာလ ပတ်ဝန်းကျင်ပင်ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၏ ကိန်းဂဏန်းဖြစ်သော အနှုတ် ၂၇.၄ မှာ အညွှန်းကိန်းတွက်ချက်သည့် အချိန်တိုင်း နိမ့်ကျနေသည့် ကိန်းဂဏန်းဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုမှာ စတင်ကျဆင်းလာ နေပြီဖြစ်သော်လည်း သတ်မှတ်ထားသော target ဖြစ်သည့် ၂ ရာခိုင်နှုန်းထက် များစွာ မြင့်မားနေသေးသည်။

အနောက်နိုင်ငံအများစုတွင် ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွမှုကိုထိန်းညှိနိုင်ရေး ကြိုးပမ်းရာတွင် ငွေချေးခြင်းနှင့် အသုံးစရိတ်များသုံးစွဲခြင်းတို့အပေါ် တွန်းအားပေးဆောင်ရွက်ကြသဖြင့် ဂျာမနီတွင် လက်ရှိကြုံတွေ့နေရသော အဆိုပါဖိအားများမှာ အတိုးနှုန်း မြင့်မားနေမှုနှင့် ဒွန်တွဲ နေရခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း စားသုံးသူများအနေဖြင့် ကြီးမားသော ဝယ်ယူမှုများနှင့် စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် Market Research Institute က သတိပေးခဲ့ပါသည်။

Nuremberg မြို့အခြေစိုက် GfK ၏ စစ်တမ်းတွင် လူများ၏ လစာမျှော်မှန်းချက်များနှင့် စီးပွားရေးတိုးတက်မှုအတွက် မျှော်မှန်းချက်များ ကျဆင်းနေခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

ဂျာမနီနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်၏ နောက်ဆုံးသုံးလပတ်နှင့် ၂၀၂၃ ခုနှစ်၏ ပထမသုံးလပတ်တို့တွင် ကျဆင်းသွားခဲ့ပြီး ဒုတိယသုံးလပတ်ရောက်ရှိချိန်တွင်ပင် ကျဆင်းသည့် အဆင့်မှ ပွတ်ကာသီကာ လွတ်မြောက်ရုံသာ ရှိခဲ့ပါသည်။ အစိုးရက တစ်နှစ်တာအတွက် ဖြစ်နိုင်ခြေနှင့်နီးစပ်သော စီးပွားရေးတိုးတက်မှုနှုန်းတစ်ခုကို ခန့်မှန်းထားသော်လည်း အချို့ သောသူများကမူ လက်ရှိအနေအထားအပေါ်အခြေခံ၍ ယခုနှစ်အတွက် စီးပွားရေး တိုးတက်မှု နှုန်းကို အနုတ်လက္ခဏာဆောင်နိုင်သည်ဟု ခန့်မှန်းယူဆထားပါသည်။

ညွန့်ပေါင်းအစိုးရအဖွဲ့သည် လက်ရှိတွင် စီးပွားရေးလုပ်ဆောင်ချက်များကို ပိုမိုအားပေးနိုင်ရေး အတွက် ၎င်းတို့ပုံဖော်ထားသောအစီအမံများကို ယခုအပတ် အင်္ဂါနေ့ (၂၉-၈-၂၀၂၃ ရက်)နှင့် ဗုဒ္ဓဟူးနေ့ (၃၀-၈-၂၀၂၃ ရက်)များတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးပြီး အောင်မြင်မှုများ ရရှိရန် မျှော်လင့်နေပါသည်။

အစီအမံအများစုအရ အကြီးစားစက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှု တစ်ခုဖြစ်ကောင်းဖြစ်လာနိုင်သော်လည်း ဆွေးနွေးရန် အဆိုပြုပြင်ဆင်ထားသည့် မူဝါဒအချို့မှာ သုံးပါတီညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့ပါသည်။

 

 

Source:   https://www.dw.com/en/germany-low-consumer-confidence-expected-to-dip-further/a-66656748

စီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Category: International News