International News

ဂျာမနီ၏ စီးပွားရေးကို ပြန်လည် အသက်သွင်းနိုင်ရေးအတွက် ကော်ပိုရိတ်အခွန် ကောက်ခံမှုကို ရပ်တန့်ထားရန် သဘောတူ

Last Updated:

ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz ၏ အစိုးရသည် ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံ၏စီးပွားရေးကို ပြန်လည်အသက်ဝင် တိုးတက်စေရေးအတွက် ကုမ္ပဏီများအပေါ် ကောက်ခံလျက်ရှိသော တစ်နှစ်လျှင် ယူရို ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံခန့်) တန်ဖိုးရှိ အခွန်သက်သာခွင့် အစီအစဉ်တစ်ခုကို ၂၉-၈-၂၀၂၃ ရက်တွင် သဘောတူခဲ့ပါသည်။

ယင်းအစီအစဉ်သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော ဝန်ထုပ်ဝန်ပိုးများကို သက်သာစေလိမ့်မည်ဟု ဖက်ဒရယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။ အဆိုပါအစီအစဉ်အရ လေးနှစ်တာအတွက် အခွန်သက်သာခွင့်ပမာဏမှာ စုစုပေါင်း ယူရို ၃၂ ဘီလီယံ ဖြစ်ပါသည်။

ဂျာမနီ၏ညွန့်ပေါင်းအစိုးရအဖွဲ့သည် နိုင်ငံတော်မှ အခွန်ရပ်တန့် သက်သာခွင့်ပေးမည့် အစီအစဉ် ဆောင်ရွက်မည့်အတိုင်းအတာအပေါ် တုံ့ဆိုင်းနေသော်လည်း စီးပွားရေးမှာ တည်ငြိမ်နေခဲ့ပါသည်။

ဂျာမနီနိုင်ငံအနေဖြင့် ယမန်နှစ်(၂၀၂၂ ခုနှစ်)အကုန်ယခုနှစ်(၂၀၂၃ ခုနှစ်) အစပိုင်းတွင် စီးပွားရေး ကျဆင်းမှုအခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ယခုနှစ်ဒုတိယသုံးလပတ်စီးပွားရေးအခြေအနေ မှာမူ သိသာစွာ တိုးတက်မှု ကျဆင်းမှုမရှိဘဲ တည်ငြိမ်နေကြောင်း တွေ့ရှိရပါသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့မှုသည် ဂျာမနီ၏ စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပါသည်။ ဂျာမန်အစိုးရအနေဖြင့် ရုရှားကို ဓာတ်ငွေ့အတွက် မှီခိုအားထားနေရမှု ရပ်တန့်သွားခဲ့ပြီးသည့်နောက် ဂျာမနီတွင် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာကာ အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပါသည်။

စီးပွားရေးအားနည်းနေသော ဂျာမနီကို စီးပွားရေးတိုးတက်ကောင်းမွန်လာစေရေးအတွက် ပြန်လည်အသက်သွင်းပေးရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် Scholz က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ဘာလင်မြို့အပြင်ဘက်ရှိ Baroque Castle တစ်ခုဖြစ်သော Schloss Meseberg တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် အစိုးရအဖွဲ့ဝန်ကြီးများ၏ Retreat အစ၌ ဝန်ကြီးချုပ် Olaf Scholz က ဂျာမန်စီးပွားရေးကို ယခုထက် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ကြောင်းနှင့် ကြီးမားသော တိုးတက်မှုများ ရရှိစေရေးအတွက် မည်သို့ဆောင်ရွက်ကြမည်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစိုးရ၏ အခွန်ကောက်ခံမှု ရပ်တန့်ခြင်းသည် အချက်(၁၀)ချက်ပါ အစီအစဉ်တစ်ခု၏ အစိတ် အပိုင်းဖြစ်ပြီး စီးပွားရေးတိုးတက်လာစေရန် ရည်ရွယ်ထားသည်ဖြစ်ရာ ကုမ္ပဏီများအနေဖြင့် ဂျာမနီတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆုံးဖြတ်ချက်ချရာ၌ ယင်းအစီအစဉ်က ပိုမိုသေချာစေလိမ့်မည် ဖြစ်ကြောင်း Mr. Scholz က ပြောကြားခဲ့သည်။

အစီအစဉ်တွင် စွမ်းအင်ချွေတာမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် ပရီမီယံကြေးအပြင် ကုမ္ပဏီများအတွက် ဆုံးရှုံးမှုများကို အလွယ်တကူ ပယ်ဖျက်နိုင်သည့် စည်းမျဉ်း အပြောင်းအလဲများလည်း ပါဝင်နေပါသည်။

ဂျာမနီတွင် အသုံးစရိတ်များ မြင့်တက်လာသည့်အခြေအနေတွင် စီးပွားရေးအပေါ် ဝေဖန်နေသူ အချို့က အကယ်၍သာ ဥရောပသမဂ္ဂတွင် Green Fund အသစ်မရှိပါက ဘဏ္ဍာရေးအင်အားပိုရှိ သောနိုင်ငံကြီးများက ၎င်းတို့၏ နိုင်ငံတစ်ဝှမ်းတွင် ထောက်ပံ့ကြေးများပေးကာ စီးပွားရေး တိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားကြမည်ဖြစ်သဖြင့် စီးပွားရေးအားနည်းသော နိုင်ငံငယ်များ နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

 

 

Source:   https://www.dw.com/en/germany-agrees-corporate-tax-cuts-to-stimulate-economy/a-66664991

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Category: International News