International News

၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ကနဦးခန့်မှန်းထားသည့်အတိုင်း ၁.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု တောင်ကိုရီးယားဗဟိုဘဏ်ထုတ်ပြန်

Last Updated:

၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွား ရေးအားနည်းလာခြင်း၊ ပို့ကုန်တင်ပို့မှုအားနည်းခဲ့ခြင်း၊ အိမ်ထောင်စုများ၏ ကြွေးမြီမြင့်တက်လာခြင်း၊ တောင်ကိုရီးယားနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများတွင် ငွေကြေးမူဝါဒတင်းကျပ် မှုများ ဆောင်ရွက်လာကြခြင်း၊ ကမ္ဘာ့ဒေသအချို့တွင် ပထဝီနိုင်ငံရေးတင်းမာမှုများရှိနေခြင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမြင့်မားလာခြင်းစသည်တို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ကနဦးကတည်းက ခန့်မှန်းထားသည့်အတိုင်း ၁.၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်ဟု တောင်ကိုရီးယား ဗဟိုဘဏ်က ၅-၃-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၄.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည့်အပြင် ၂၀၂၂ ခုနှစ်တွင် ၂.၆ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါသည်။ သို့သော် ကမ္ဘာ့ကပ်ရောဂါကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်က စီးပွားရေး ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့မှုနှင့် နှိုင်းယှဉ်လျှင် တိုးတက်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ပို့ကုန်တင်ပို့မှုနှင့် ပြည်တွင်းဝယ်လိုအား ပြန်လည်အားကောင်းလာခြင်းတို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွား ရေး ပြန်လည်အားကောင်းလာခြင်းဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်က တိုးတက်နှုန်းဖြစ်သည့် ၃.၄ ရာခိုင်နှုန်းထက် လျော့နည်းနေဆဲဖြစ်ပါသည်။ လူတစ်ဦးချင်းသုံးစွဲနှုန်းသည်လည်း ၂၀၂၃ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ရာ ၂၀၂၂ ခုနှစ်က တိုးတက်နှုန်းဖြစ်သည့် ၄.၁ ရာခိုင်နှုန်းထက် လျော့နည်းခဲ့ပါသည်။ သို့ဖြစ်၍ တောင်ကိုရီးယား ဗဟိုဘဏ်သည် ပြည်တွင်း၌ အတိုးနှုန်းမြှင့်တင်မှုကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ၇ ကြိမ်ဆက်တိုက် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုသည် မျှော်လင့်ထားသည်ထက်နှေးကွေးလာသည့်အပြင် အိမ်ထောင်စုများ၏ ကြွေးမြီမြင့်တက်လာခြင်းကြောင့် အတိုးနှုန်းကို ၃.၅ ရာခိုင်နှုန်းတွင်သာ ထားရှိနေရသည်မှာ ၉ ကြိမ် ဆက်တိုက်ရှိပြီဖြစ်ပါသည်။

 

 

Source: https://www.koreatimes.co.kr/www/biz/2024/03/488_369996.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News