Local News

ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငရုတ်ပွသီးပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ငရုတ်ပွသီးပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ် ငရုတ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလက ငရုတ်ပွသီးပိဿာချိန် ၄၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ငရုတ်ပွသီးပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ငရုတ်ပွသီးတစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ပန်းတနော်မြို့နယ်က လက်ရှိငရုတ်ပွသီးပဲမဟုတ်ဘဲ အခြားငရုတ်သီးတွေလဲ တင်ပို့ရောင်းချနေရပါတယ်။ ပန်းတနော်ကနေထွက်တဲ့ ငရုတ်ပွသီးတွေကို ဒေသဈေးအပြင် ရန်ကုန်ဈေးကွက်ကိုပါ တင်ပို့ရောင်းချနေပါတယ်” ဟု ပန်းတနော်မြို့နယ် ငရုတ်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။

ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့်ငရုတ်ပွသီးများကို စနစ်တကျရွေးချယ်သန့်စင်ထုပ်ပိုးပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေကြောင်း၊ အဆိုပါဒေသထွက် တောင်သူများသည် ငရုတ်ပွသီးအပြင် ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ ဖရဲသီး၊ နာနတ်သီး၊ ကြံ၊ ခရမ်းချဉ်သီး စသည့်သီးနှံအမျိုးအစားများကိုလည်း စိုက်ပျိုးကြကြောင်း၊ အဆိုပါ ငရုတ်ပွသီးကို တောင်သူတစ်ဦးလျှင် တစ်ဧကမှ ငါးဧကထိစိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News