International News

စားသောက်ကုန်စည်ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဖိလစ်ပိုင်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင် စားသောက်ကုန်စည်ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ငွေကြေးဖာင်းပွမှုနှုန်းမှာ ၅.၃ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ၄.၇ ရာခိုင်နှုန်းရှိရာမှ  မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် အလားတူကာလက ၆.၃ ရာခိုင်နှုန်းထိ ရှိခဲ့ပါကြောင်း ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့၏ (၅-၉-၂၀၂၃) ရက်နေ့ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဖိလစ်ပိုင်ဗဟိုဘဏ်မှ ၄.၈ ရာခိုင်နှုန်း မှ ၅.၆ ရာခိုင်နှုန်း အတွင်းရှိနိုင်ကြောင်း ခန့်မှန်းထားရှိခဲ့ပါသည်။ စားသောက် ကုန်ပစ္စည်းများနှင့် အရက်မဟုတ်သော အဖျော်ယမကာများ၏ ဈေးနှုန်းမြင့်တက်ခြင်း အကြောင်းအချက်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ငွေကြေးဖောင်းပွမှုနှုန်းတွင် ၆.၃ ရာခိုင်နှုန်း မှ ၈.၁ ရာခိုင်နှုန်း အထိပါဝင်ပါကြောင်း၊ ဆန်ဈေးနှုန်း မြင့်တက်ခဲ့ခြင်းသည် ဇူလိုင်လ ငွေကြေးဖောင်းပွမှုနှုန်းတွင် ၄.၂ ရာခိုင်နှုန်း မှ ၈.၇ ရာခိုင်နှုန်း အထိပါဝင်ပါကြောင်း ဖော်ပြပါရှိပါသည်။

အယ်နီညိုရာသီဥတုကြောင့် ဆန်စပါးထွက်ရှိမှု လျော့နည်းခြင်း၊ အဓိကဆန်တင်ပို့လျက်ရှိသော အိန္ဒိယနှင့် မြန်မာ နိုင်ငံတို့မှ ဆန်တင်ပို့မှုအား ပိတ်ပင်လိုက်ခြင်း၊ စူပါတိုင်ဖွန်း အီးဂေးဝင်ရောက်ခဲ့ခြင်းနှင့် မုတ်သုန်မိုးပြင်းထန်စွာ ရွာသွန်းခဲ့မှုတို့ကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းသည်လည်း ဩဂုတ်လ၏ ငွေကြေးဖောင်းပွမှုနှုန်းအား မြင့်တက်စေသည့် အကြောင်းအချက်အနေဖြင့် ပါဝင်နေပါသည်။ ထို့ပြင်အခြားသော အထွေထွေ ကုန်စည်ဈေးနှုန်းများဖြစ်သော အိမ်၊ ရေ၊ မီး၊ ဂတ်စ်နှင့် အခြားစက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းတို့ကလည်း ငွေကြေး ဖောင်းပွမှုနှုန်းကို မြင့်တက်စေခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

လက်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ ရာသီဥတုဆိုးရွားလာမှု၊ အခြားနိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် မိမိတို့ရည်မှန်းထားသည့် ဖိလစ်ပိုင်ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နှုန်းထားထက် ပိုနေသည့် ၂ ရာခိုင်နှုန်း မှ ၄ ရာခိုင်နှုန်းအထိအား ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ကာလအတွင်း လျှော့ချသွားမည့် အစီအစဉ်မှာ တည်မြဲနေဆဲဖြစ်ပါကြောင်း၊ ဆန်စားသုံးသူများအတွက် ဈေးနှုန်းလျှော့ချပေးနိုင်စေရန် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကိုလည်း ပြန်လည်သုံးသပ်သွားရန် လိုအပ်နေပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဈေးနှုန်းများ မြင့်တက်နေခြင်းအား ကာမိစေရန် အခွန်နှုန်းထားများ ယာယီအားဖြင့် လျှော့ချပေးနိုင်ပါက စားသုံးသူများနှင့် အိမ်ထောင်စုများအတွက် ကုန်ဈေးနှုန်းများမြင့်တက်ခြင်း၏ ဆိုးကျိုးခံစားနေရမှုအား အနည်းငယ် လျော့ပါးသက်သာစေနိုင်မည်ဖြစ်ပါသည်။

 

 

Source; https://mb.com.ph/2023/9/5/inflation-picks-up-to-5-3-in-august

(ကေသွယ်ခိုင်၊စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News