Local News

ပဲပုပ်ဈေး တည်ငြိမ်မူမရှိ တစ်လအတွင်း နှစ်သောင်းကျပ်အထိ ဈေးမြင့်တက်

Last Updated:

တရုတ်ဝယ်ယူမူ ပုံမှန်မရှိသော်လည်း စိုက်ဧကလျော့နည်းလာပြီး ပြည်တွင်းစားသုံးမူမြင့်လာသောကြောင့် ပဲပုပ်ဈေးနှုန်းမှာ တည်ငြိမ်မူမရှိဘဲ တစ်လအတွင်း ၁၁၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ဈေးမြင့်တက်လာကြောင်း မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်မှ သတင်းရရှိသည်။ မန္တလေးမြို့ ပဲမျိုးစုံဈေးကွက်တွင်ပြီးခဲ့သည့် ဇူလိုင်လက ပဲပုပ်စေ့ သုံးတင်းဝင် တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ် မှ ၁၅၈၀၀၀ ကျပ်အကြားရှိရာမှ သြဂုတ်လ ၃၁ ရက်တွင် ဒေသအလိုက်ထွက်ရှိသည့် ပဲပုပ်အမျိုးအစားအပေါ် မူတည်ပြီး ပဲပုပ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၁၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ် အကြားသို့ဈေးမြင့်တက်လာ ခြင်းဖြစ်သည်။ 

“တစ်ရက်နဲ့ တစ်ရက်က ဈေးကမတည်ဘူး။ ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်က ငြိမ်သေးတယ်။ အခုတစ်နေ့နဲ့ တစ်နေ့မတူဘူး။ ဈေးပြန်တက်နေတယ်။ မိုးညှင်းထိပ်ဆိုရင် ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်က ၁၇၂၀၀၀ ကျပ်ပဲရှိရာကနေ အခုဆိုရင် ၁၈၀၀၀၀ ကျပ်ကို ချက်ခြင်းတက်လာတယ်” ဟု ပဲပုပ်စိုက်ပျိုးရောင်းဝယ်ရေး ပွဲရုံမှ ဦးကျော်ကြီးက ပြောသည်။  မန္တလေးမြို့ ပဲပုပ်ဈေးကွက်တွင် မိုးညှင်းထိပ်စ ပဲပုပ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်၊ မိုးမိတ် ပဲပုပ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ်၊ နောင်ချို၊ ကျောက်မဲ ပဲပုပ်စေ့ သုံးတင်းဝင်တစ်အိတ် လျှင် ၁၇၀၀၀၀ ကျပ်၊ တောင်ကြီး၊ သီပေါ ပဲပုပ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၁၀၀၀ ကျပ်မှ ၁၇၂၀၀၀ ကျပ် အကြားရှိကြောင်း မန္တလေးမြို့ဈေးကွက်မှ သတင်းရရှိသည်။ 

တရုတ်က အဝယ်မရှိသော်လည်း ပဲပုပ်စေ့ အရောင်းအဝယ်လိုက်၍ ဈေးနှုန်းများတည်ငြိမ်မူမရှိဘဲ  ဈေးတက်နေသည့်  အနေထားတွင်ရှိနေကြောင်း၊   မန္တလေးမြို့ဈေးကွက်သို့  မိုးမိတ်များ  ပဲပုပ်စေ့များ အဝင်များနေပြီး မိုးညှင်း ပဲပုပ်စေ့မှာ အရောင်းအဝယ်အရမ်းဖြစ်၍ ပစ္စည်းရှားနေကြောင်း ကုန်သည်များကပြောသည်။ “ဗမာ ပဲပုပ်ကတော့ အဝယ်မလိုက်တော့ ဈေးအလှုပ်ရှားကြီးမရှိဘူး။ ရှမ်းပဲပုပ်ကတော့ အဝယ်လိုက်တော့ ဈေးလှုပ်တယ်။ export မရှိပေမဲ့လည်း ပြည်တွင်းမှာတင် အရောင်းအဝယ်ဖြစ်နေတယ်။ အသစ်ပေါ်တဲ့ရာသီ ရောက်ပြီးတော့ ပဲပုပ်တွေ ဈေးပြန်ကျနိုင်တယ် ထင်ပါတယ်။ မိုးမိတ်ကတော့ တစ်လအတွင်း နှစ်သောင်းလောက် ဈေးတက်သွားတယ်” နုနုသင်း ပဲမျိုးစုံ ရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ပဲပုပ်ကို ပဲပြား၊ ပဲနို့၊ ပဲလိတ်ခြောက်၊ ပဲပြားခြောက်၊ မာလာဟင်း၊ ကြက်တောင်ပံအတုနှင့် ဆီကြိတ်ရာတွင် အသုံးပြုပြီး တစ်နိုင်ငံလုံးမှ ထွက်ရှိသည့် ပဲပုပ်များသည် မန္တလေးမြို့သို့ အများဆုံးဝင်ပြီး မန္တလေးမြို့မှ ရန်ကုန်သို့ တစ်ဆင့်ပြန်လည် ရောင်းချကြကြောင်း သိရှိရသည်။ ဇူလိုင်လက ပဲပုပ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၅၅၀၀၀  ကျပ်မှ ၁၅၈၀၀၀ ကျပ်ရှိရာမှ သြဂုတ်လ တတိယ အပတ်တွင် ပဲပုပ်စေ့ သုံးတင်းဝင်တစ်အိတ်လျှင် ၁၆၈၀၀၀ ကျပ်မှ ၁၆၉၀၀၀ကျပ် အထိ ဈေးရှိရာမှ သြဂုတ်လ ၃၁ ရက်တွင်ဒေသအလိုက်ထွက်ရှိသည့် ပဲပုပ်စေ့ အမျိုးအစားကိုလိုက်ပြီး သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၁၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်သို့ ဈေးမြင့်တက်လာခြင်းဖြစ်သည်။ 

ပဲပုပ်အဓိကစိုက်ပျိုးသည့်ဒေသမှာရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ဧက၏ ၅၀ ရာခိုင်နှုန်းစိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်အပြင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။ ပဲပုပ်သီးနှံကို တောင်ပေါ်ဒေသများတွင် မေလ၊ ဇွန်လတို့တွင် စိုက်ပျိုးကြပြီး မြေပြန်ဒေသတွင် သြဂုတ်လနှင့် စက်တင်ဘာလ မြစ်ရေကျချိန်တို့တွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ပဲပုပ်စိုက်ဧက ၃၂၁၄၃၈ ဧကရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးခဲ့သော၃၄၃၈၄၅ ဧက နှိုင်းယှဉ်ပါက စိုက်ဧကနှစ်သောင်းကျော် လျော့နည်းလာခြင်းဖြစ်သည်။ 

Source: Awba

 

Category: Local News