International News

ဂျာမန်အစိုးရသည် လာမည့်နှစ် ဘတ်ဂျက်အသစ်တွင် တင်းကြပ်မှုများ ပြုလုပ်ထား

Last Updated:

ဂျာမန်အစိုးရ၏၂၀၂၄ ခုနှစ်အတွက် ဘဏ္ဍာငွေ အရအသုံး (ဘတ်ဂျက်) ကို Free Democratic Party (FDP) မှ ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner က ၅-၉-၂၀၂၃ ရက်တွင် လွှတ်တော်သို့ တင်ပြခဲ့ရာ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ယူကရိန်းစစ်ပွဲနှင့် စွမ်းအင် ဈေးနှုန်းများမြင့်တက်လာမှုတို့ကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းများကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် အစိုးရအနေဖြင့် ပြီးခဲ့သည့် နှစ်ပေါင်းများစွာ သုံးစွဲခဲ့ရသော အသုံးစရိတ် များကို ရပ်တန့် လျှော့ချရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ယနေ့အချိန်အခါတွင်  အဓိက ဖြေရှင်းနေရသော ပြဿနာမှာ ကြွေးမြီများ ရပ်တန့် သွားရေး (သို့မဟုတ်) တိကျစွာ ပြောမည်ဆိုပါက ပြည်သူ့ဘဏ္ဍာရေး ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက်ဖြစ်ကြောင်း ဝန်ကြီး Lindner က အောက်လွှတ်တော် Bundestag သို့ ပြောကြားခဲ့ပါသည်။

Lindner ၏ ဘတ်ဂျက်မူကြမ်းတွင် လာမည့်နှစ်အတွက် အသုံးစရိတ်ကို ယူရို ၄၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၈၀ ဘီလီယံ)အထိ ထည့်သွင်းခန့်မှန်းထားရာ ယင်းပမာဏမှာ ၂၀၂၃ ခုနှစ် ကထက် ယူရို ဘီလီယံ ၃၀ ခန့် လျော့နည်းနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ မဖြစ်ပွားမီ နောက်ဆုံးဘတ်ဂျက်ဖြစ်သော ၂၀၁၉ ခုနှစ်ကထက် ယူရို ဘီလီယံ ၉၀ ခန့် ပိုများနေဆဲဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဌာနများအားလုံးနီးပါးအနေဖြင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက လာမည့် နှစ်တွင် အသုံးစရိတ် ပိုမိုချွေတာသုံးစွဲကြရမည်ဖြစ်ပါသည်။

ဖက်ဒရယ်အစိုးရသည် ပုံစံအမျိုးမျိုးဖြင့် ချေးယူထားသောကြွေးမြီပမာဏအများအပြားကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ Debt Brake ပြဋ္ဌာန်း၍ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆိုင်းငံ့ထားခဲ့ပါသည်။ ဝန်ကြီး Lindner သည် အဆိုပါ ဆိုင်းငံ့မှုကို ဆက်လက်ဆောင်ရွက် ပေးပါမည်ဟု ကတိပြုရင်း ၎င်း၏ ဝန်ကြီးရာထူးသက်တမ်းကို  ယခုအချိန်အထိ တည်မြဲအောင် ထိန်းထားခဲ့ပါသည်။  လာမည့် ၂၀၂၄ ခုနှစ်၏ အသုံးစရိတ်မူကြမ်းတွင် ကြွေးမြီအသစ် ယူရို ၁၆.၆ ဘီလီယံ ပါဝင်နေပြီး ယခုနှစ်ထက် ယူရို ဘီလီယံ ၃၀ လျော့နည်းခဲ့ပါသည်။

 ၅-၉-၂၀၂၃ ရက်က ပြုလုပ်ခဲ့သော debate တစ်ခုတွင် Lindner မှ ၎င်း၏အစီအစဉ်များကို ကာကွယ်ပြောကြားရာ၌ ကြွေးမြီများအပေါ် အတိုးပေးနေရခြင်းကြောင့် အသုံးစရိတ်များ လျင်မြန်စွာ တိုးလာနေမှုကို ထောက်ပြခဲ့ပြီး၊  လာမည့်နှစ်တွင် အစိုးရအနေဖြင့် အတိုးပေးချေမှု တစ်ခုတည်းအတွက်ပင် ယူရို ၃၇ ဘီလီယံခန့် ကုန်ကျလိမ့်မည်ဖြစ်ကြောင်း၊ လျာထားအသုံးစရိတ် တွင် အတိုးပေးရမှုအတွက် ကုန်ကျမည့်အသုံးစရိတ်သည် ပညာရေးနှင့် သုတေသနဝန်ကြီးဌာန အတွက် ကုန်ကျရမည့်အသုံးစရိတ်ထက် နှစ်ဆခန့်ပိုများနေကြောင်း၊ ၎င်းတို့အနေဖြင့် အထိန်း အကွပ်မဲ့ ကြွေးမြီအသစ်များအတွက် လွယ်ကူစွာ ဆောင်ရွက်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် ဘဏ္ဍာငွေ ရှာဖွေရန်လည်း လွယ်ကူလိမ့်မည်မဟုတ်ကြောင်း  ပြောကြားခဲ့ပါသည်။

အသုံးစရိတ်ဖြတ်တောက်မှုများသည် Lindner ၏ Free Democratic Party (FDP) ထက် စီးပွားရေးပြဿနာများအား ကြားဝင်ဖြေရှင်းပေးရသည့်နည်းလမ်းများကို ပိုမိုနှစ်သက်ကြသော  ညွန့်ပေါင်းအဖွဲ့များဖြစ်ကြသည့် ဝန်ကြီးချုပ် Mr. Olaf Scholz ၏ center-left Social Democrats (SPD)နှင့် Greens ပါတီတို့အနေဖြင့် ဖက်ဒရယ်အစိုးရအတွင်း အငြင်းပွားဖွယ်ရာများ ဖြစ်လာခဲ့သည်။

မြင့်မားနေသော ငွေကြေးဖောင်းပွမှုနှင့် တတ်နိုင်သမျှ လိုက်လျောညီထွေဖြစ်စေနိုင်ရေးအတွက် Bürgergeld ဟုခေါ်တွင်ကြသော အလုပ်လက်မဲ့များအတွက် အခြေခံအကျိုး ခံစားခွင့်ကိုလာမည့် နှစ်အစတွင် ၁၂ ရာခိုင်နှုန်း တိုးမြှင့်ပေးမည့် လူမှုရေးပြုပြင်ပြောင်းလဲမှု အချို့အား အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

Green Party သည်လည်း  ၎င်း၏ အဓိကကျသော  ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ် များထဲမှ တစ်ခုကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ ကတိကဝတ်အရ ဂျာမနီတွင် လက်ရှိကျင့်သုံးလျက်ရှိသော ဂျာမန်ကလေးများအားလုံးအတွက် သတ်မှတ်ထားသည့် အကျိုးခံစားခွင့် စနစ်နေရာတွင် ပုံသေအခြေခံအာမခံထားပေးမည့် အစီအစဉ်ဖြင့် အစားထိုး မည်ဖြစ်ရာ ယင်းအစီ အစဉ်အား၂၀၂၅ ခုနှစ် နှစ်အစတွင်မိတ်ဆက် ပေးသွားမည်ဖြစ်ပါသည်။ သို့သော်လည်း ယင်းအစီအစဉ် အတွက် Family Affairs ဝန်ကြီးဖြစ်သော Green Party မှ Ms. Lisa Paus တောင်းခံထားသော အသုံးစရိတ် ယူရို ၁၂ ဘီလီယံအားခွင့်မပြုဘဲ များစွာ နည်းပါးသော ယူရို ၂.၄ ဘီလီယံကိုသာ လက်ခံရန် ဖိအားပေးခံခဲ့ရပါသည်။

ဂျာမန် အောက်လွှတ်တော် Bundestag ရှိ အတိုက်အခံပါတီများက အဆိုပါ ဘတ်ဂျက်မူကြမ်းကို မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး၊ လက်ယာစွန်း Alternative for Germany (AfD) ကလည်း အစိုးရအား အထူးရန်ပုံငွေကဏ္ဍ၌ ကြွေးမြီအသစ်အများအပြားကို  ဖုံးကွယ်ထားကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည်။

တစ်ချိန်တည်းတွင် ဘဏ္ဍာရေးဝန်ကြီး Lindner အနေဖြင့်  ကလေးများအတွက် စီစဉ်ထားသော အကျိုးခံစားခွင့်များကို ပြန်လည်ဖြတ်တောက်လိုက်ချိန်တွင် အသုံးစရိတ် ဖြတ်တောက်ခြင်းမခံရသော ဌာနအနည်းငယ်ထဲမှ တစ်ခုသည် ကာကွယ်ရေးဝန်ကြီးဌာန ဖြစ်လိမ့် မည်ဟု The socialist Left Party က ပြောဆိုကာ ယင်းအချက်အပေါ် ပြဿနာရှာခဲ့သည်။

ကာကွယ်ရေးဝန်ကြီး Mr. Boris Pistorius သည် ဂျာမန်စစ်တပ်ကို အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင်  စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသောကြောင့်  ကာကွယ်ရေး အသုံးစရိတ်များ ပိုမိုရရှိရန်မျှော်လင့်ထားသော်လည်း လာမည့်နှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အား ယူရို ၁.၇ ဘီလီယံ မှ ယူရို ၅၁.၈ ဘီလီယံအထိတိုးမြှင့်ပေးမည်ဟူ၍ အသုံးစရိတ်လျာထားချက် ထွက်ပေါ်လာရာ ယင်းပမာဏမှာ  ၎င်းမျှော်လင့်ထားသည်ထက် အလွန်နည်းနေပေသည်။

တစ်ချိန်တည်းတွင်  စွမ်းအင်သုံးစက်မှုလုပ်ငန်းများသို့ ဓာတ်အားကုန်ကျစရိတ် ထောက်ပံ့ပေးမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ဂျာမန်အစိုးရအတွင်း အငြင်းပွားလျက်ရှိပြီး လက်ရှိ ခွင့်ပြုထားသော ထောက်ပံ့ကြေးများကိုဖြတ်တောက်ရန် ဝန်ကြီး Lindner က စီစဉ်နေမှုအပေါ် ဂျာမန် ကုမ္ပဏီကြီးများက မကျေနပ်ကြကြောင်း သိရှိရပါသည်။

ပါလီမန်အဖွဲ့များအသီးသီးမှလည်း Lindner ၏ ဘတ်ဂျက်ခွဲဝေမှုအပေါ် အမျိုးမျိုးဝေဖန်နေကြသောကြောင့် ယခုသီတင်းပတ်၏ ကျန်ရှိသောရက်များတွင် အောက်လွှတ်တော် Bundestag ၌ အချေအတင် ဆွေးနွေးမှုများ ဆက်လက်ရှိနေမည် ဖြစ်ပါသည်။

 

 

 

Source:         https://www.dw.com/en/german-government-tightens-belt-in-new-budget/a-66724711

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Category: International News