International News

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်မည့် အစားအသောက်များ သယ်ယူပို့ဆောင်ရေးနှင့်ဖြန့်ချိရေး (၃)နှစ်စီမံကိန်း အား သမ္မတမားကို့စ်မှ အတည်ပြုသဘောတူ

Last Updated:

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ အကောင်အထောင်ဖော်ဆောင်ရွက်မည့် အစားအသောက်များ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ချိရေး (၃)နှစ်စီမံကိန်း နှင့်စပ်လျဉ်း၍ သမ္မတမားကို့စ်မှ အတည်ပြုသဘောတူလိုက်ကြောင်း နိုင်ငံတော်သမ္မတနန်းတော်၏ ၃၀-၈-၂၀၂၃ ရက်စွဲပါထုတ်ပြန်ချက် အရသိရှိရပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ပြောကြားချက်အရ သမ္မတမားကို့စ်သည် အဆိုပါကိစ္စရပ်အား ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအပါအဝင် အခြားသက်ဆိုင်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်းဖော်ပြထားပါသည်။

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစားအသောက်များ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ချိရေး (၃)နှစ်စီမံကိန်းသည် အစားအသောက်များ ဖြန့်ချိရေးစနစ်အား ပိုမိုကောင်းမွန်စေရန်၊ သယ်ယူပို့ဆောင်စရိတ်များလျှော့ချပေးနိုင်ရန်၊ စားသောက် ကုန်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းစဉ်တစ်လျှောက်ထိရောက်မှုရှိစေရန် ရည်ရွယ်ထားသည့်အတွက် သမ္မတမားကို့စ်မှ အတည်ပြုပါကြောင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါသည်။

ယခုစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ  ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် အခြေခံစားသောက် ကုန်ပစ္စည်းများအား လိုအပ်သည့်အချိန်တွင် အလွယ်တကူဝယ်ယူရရှိနိုင်ရန်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကထုတ်ပြန်ခဲ့သည့် သမ္မတမားကို့စ်၏ ညွှန်ကြားချက်ဖြစ်သော အစားအသောက် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး၊ အအေးခန်းစနစ်ဖြင့် ထိန်းသိမ်းနိုင်သည့်စနစ်၊ ဆိပ်ကမ်းအခြေခံအဆောက်အအုံ၊ စိုက်ပျိုးသည့်နေရာမှ ဈေးကွက်သို့ အလွယ်တကူတင်ပို့နိုင်သည့်လမ်းများဖောက်လုပ် ပေးခြင်းစသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံး အဆင့်မြှင့်တင်သွားရန်ကိစ္စအပေါ် လိုက်နာအကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

အဆိုပါ (၃)နှစ်စီမံကိန်းတွင် အစားအသောက် ကုန်ပစ္စည်းများ ဖြန့်ချိရေးစနစ်အား အဆင့်မြှင့်တင်သွားရန်၊ သယ်ယူပို့ဆောင်စရိတ်အား လျှော့ချသွားနိုင်ရန်၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းများထိန်းသိမ်းနိုင်သည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအား တိုးမြှင့်သွားရန်နှင့် လုပ်ငန်းစဉ်တလျှောက် လိုအပ်ချက်များ နည်းနိုင်သမျှနည်းစေရန်စသည်ဖြင့် ဆောင်ရွက်သွားမည့် နည်းဗျူဟာ (၆) ပိုင်း ပါဝင်ပါကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောကြားခဲ့ပါသည်။  

စီမံကိန်းတွင် နိုင်ငံတစ်ဝှမ်းရှိအစားအသောက်ကုန်ပစ္စည်း သိုလှောင်ရုံများ ကောင်းမွန်စွာ အသုံးပြုနိုင်ရေးဆောင်ရွက်သွားရန်၊  အစားအသောက်ကုန်ပစ္စည်းများ သိုလှောင်ရုံများအနေဖြင့် သတ်မှတ်ထားသည့် နေရာများတွင် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီစွာ ရှိရမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရေး စီမံဆောင်ရွက်သွားရန်၊ ကုန်ပစ္စည်းထုတ်လုပ်သူနှင့် စားသုံးသူများအကြား အချိန်တိုအတွင်း ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ရေး တို့အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဓိကအားဖြင့် အစားအသောက်များ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ချိရေး (၃)နှစ် စီမံကိန်းသည် အခြေခံစားသောက်ကုန်ပစ္စည်းများအား သိုလှောင်ပြီး ဈေးကစားသူများ၊ တရားမဝင်တင်သွင်းရောင်းချသူများအား ဆန့်ကျင်သွားမည့် အစိုးရ၏ထိရောက်သော လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

 

 

Source; https://newsinfo.inquirer.net/1823918/bongbong-marcos-oks-dti-plan-to-improve-food-distribution-in-ph

( စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News