ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်ပွဲအပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံ သူများသည် စတော့ရှယ်ယာဈေးနှုန်း၊ ဒေါ်လာတန်ဖိုးနှင့် အမေရိကန်ငွေတိုက်စာချုပ်အတိုးနှုန်းများ မြင့်တက်လာစေရန် တွန်းအားပေးခဲ့ကြသည်။ အမေရိကန်စတော့ရှယ်ယာဈေးကွက်သည်လည်း သမ္မတရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီးနောက် ညတွင်းချင်းမှာပင် မြင့်တက်ခဲ့ကြောင်း၊ ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့်လည်း သမ္မတဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် ကြုံတွေ့လာနိုင်မည့် စီးပွားလုပ်ငန်းများ၏လိုငွေများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးအရလှုံ့ဆော်မှုများ (Economic Stimulus) အစီအစဉ်များကို ကြိုတင်ပြင်ဆင်လာခဲ့ကြကြောင်း The New York Times အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် S&P 500 အညွှန်းကိန်းသည် (၂)ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ပြီး အမေရိကန်စီးပွားရေးအခြေအနေအပေါ် တုံ့ပြန်မှုအများဆုံးရှိသည့် ကုမ္ပဏီငယ်များကို အခြေခံတွက်ချက်သော Rusell 2000 အညွှန်းကိန်းမှာလည်း (၄) ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ပါသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်က သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ လုပ်ထုံးလုပ်နည်းများကို ဖျက်သိမ်းပြီး အမေရိကန်နိုင်ငံအား “ကမ္ဘာ့ Crypto ငွေကြေးမြို့တော်အဖြစ်တည်ဆောက်မည်”ဟု ကတိပြုခဲ့ရာ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးနောက်တွင် Bitcoin တန်ဖိုးမှာလည်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ထို့အပြင် အမေရိကန်ဒေါ်လာသည် ဂျပန်ယန်း၊ ယူရို၊ မက္ကဆီကန်ပီဆိုနှင့် တရုတ်ယွမ်တို့၏ တန်ဖိုးနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု အဆိုပြုထားသည့်နိုင်ငံများ၏ ငွေကြေးတန်ဖိုးအပေါ် များစွာသက်ရောက်မှုရှိခဲ့ကြောင်း၊ ဒေါ်လာတန်ဖိုးနှင့်ယှဉ်၍ ယူရိုတန်ဖိုးသည် (၈)နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်အစိုးရ၏ ငွေတိုက်စာချုပ်အတိုးနှုန်းများသည် သိသာစွာမြင့်တက်ခဲ့ပြီး (၁၀)နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏အတိုးနှုန်းသည် (၄.၄) ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ရာ (၀.၂) ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါကြောင်း၊ အမေရိကန်ဗဟိုဘဏ်အနေဖြင့် လာမည့်လများတွင် အတိုးနှုန်း လျှော့ချနိုင်ခြေရှိကြောင်းလည်း သိရှိရပါသည်။
ရီပတ်ဘလစ်ကန်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေကြောင့် ရင်းနှီးမြှုပ်နှံသူများ သည် အောက်တိုဘာလတွင် ငွေတိုက်စာချုပ်အတိုးနှုန်းနှင့် ဒေါ်လာတန်ဖိုးမြင့်တက်ရန် တွန်းအားပေးခဲ့ကြကြောင်း၊ ဤအချက်မှာ ဒေါ်နယ်ထရမ့်၏အခွန်၊ ကုန်သွယ်မှုနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒ အဆိုပြုချက်များကြောင့် အစိုးရ၏ အသုံးစရိတ် မြင့်မားနိုင်သော်လည်း စီးပွားရေးတိုးတက်နိုင်သည်ဟု ခန့်မှန်းကြခြင်းကြောင့် ဖြစ်ကြောင်း၊ သို့ရာတွင် လေ့လာဆန်းစစ်သူများက အချိန်ကြာမြင့်သည်နှင့်အမျှ အတိုးနှုန်းမြင့်လာနိုင်သည်ဟု ယူဆလာကြကြောင်း သိရှိရပါသည်။
အာရှနှင့် ဥရောပရှိ ရင်းနှီးမြှုပ်နှံသူများကလည်း ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတ သက်တမ်းအတွင်း ဖြစ်နိုင်ခြေရှိသည့် ရှုပ်ထွေးမှုများကို ရင်းနှီးမြှုပ်နှံမှုအကြံပေးသူများနှင့် ဆွေးနွေးလျက်ရှိကြကြောင်း၊ ဥရောပစတော့ရှယ်ယာဈေးကွက်ရှိ စတော့ရှယ်ယာဈေးနှုန်းများ ၆-၁၁-၂၀၂၄ ရက် နံနက်ပိုင်းတွင် မြင့်တက်ခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ကျဆင်းခဲ့ကြောင်း၊ ဥရောပရှိ မော်တော်ယာဉ်ကုမ္ပဏီများဖြစ်သော BMW နှင့် Volvo နှင့် ဒိန်းမတ်နိုင်ငံမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Orsted တို့၏ အစုရှယ်ယာဈေးနှုန်းသည် အကောက်ခွန်နှုန်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များကြောင့် ကျဆင်းခဲ့ကြောင်း၊ ဂျာမနီ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များကလည်း ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းသည် ဂျာမနီနိုင်ငံ၏စီးပွားရေးကို စိန်ခေါ်မှုများဖြစ်စေနိုင်သည်ဟု သတိပေးထားကြောင်း သိရှိရပါသည်။
Bitcoin ငွေကြေးတန်ဖိုးသည် (၂၄) နာရီအတွင်း အမေရိကန်ဒေါ်လာ (၇၄,၀၀၀) အထိ စံချိန် တင်မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မသေချာမှုများသည့်ကာလတွင် ငွေကြေးကို ရွှေအဖြစ် ပြောင်းလဲရန် စဉ်းစားလာခဲ့ကြရာ ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက်တွင် ရွှေဈေးနှုန်းသည်လည်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ပုဂ္ဂလိကပိုင်အကျဉ်းထောင်ကုမ္ပဏီများဖြစ်သည့် Geo Group နှင့် CoreCivic တို့၏အစုရှယ်ယာတန်ဖိုးသည် (၂၀)ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ ထို့အပြင် ဒေါ်နယ်ထရမ့်ကိုထောက်ခံသည့် Mr. Elon Musk ၏ Tesla လျှပ်စစ်မော်တော်ယာဉ်ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းသည် (၁၀) ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ဒေါ်နယ်ထရမ့်က Mr. Elon Musk အား “အစိုးရ၏ထိရောက်မှု” အဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်ထားရန် ကတိပေးထားကြောင်းလည်း သိရှိရပါသည်။
(ဇစ်မြစ်။ The New York Times)
စီးပွားရေးသံမှူး၊ ဝါရှင်တန်