International News

စက်တင်ဘာလအတိုးနှုန်းလျှော့ချမှုသည် အလုပ်အကိုင်အချက်အလက်များအပေါ်မူတည်လျက်ရှိ

Last Updated:

စက်တင်ဘာလ အတိုးနှုန်းလျှော့ချမှုသည် အလုပ်အကိုင်အချက်အလက်အပေါ် မူတည်လျက်ရှိကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၅-၇-၂၀၂၄ ရက်တွင် “Case for September Rate Cut Builds After Slower Jobs Data” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ ၅-၇-၂၀၂၄ ရက်ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ သည် ဇွန်လအတွင်း အလုပ်အကိုင်စုစုပေါင်း (၂၀၆,၀၀၀) အထိ ခန့်ထားနိုင်ခဲ့ပြီး အလုပ်လက်မဲ့ နှုန်းမှာ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့သော်လည်း ယခင်လအတွင်း အလုပ်လက်မဲ့နှုန်းသည် အနည်းငယ်ခန့် (၄.၁ ရာခိုင်နှုန်းခန့်) မြင့်တက်ခဲ့ကြောင်း၊ အလုပ်အကိုင်ခန့်ထားမှုဈေးကွက်သည် နှေးကွေးလာကြောင်း ဖော်ပြလျက်ရှိပြီး ပျမ်းမျှတစ်နာရီလုပ်အားခသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဇွန်လတွင် (၃.၉) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ အလုပ်ခွင်အတွင်းသို့ ဝင်ရောက်လုပ်ကိုင်သည့် အလုပ်သမား ရာခိုင်နှုန်းနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် သို့မဟုတ် အလုပ်အကိုင် ရှာဖွေလျက်ရှိသည့် အသက်အရွယ်အပိုင်းအခြားရှိ အလုပ်သမားရာခိုင်နှုန်းမှာ (၆၂.၆) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သဖြင့် အလုပ်လုပ်ကိုင်သူအရေအတွက် တိုးတက်လာခဲ့ကြောင်း၊ အလုပ်အကိုင် အစီရင်ခံစာအရ စီးပွားရေးနှေးကွေးမှုကို ဖော်ပြလျက်ရှိသော်လည်း တိုးနှုန်းလျှော့ချရန် အလျင်အမြန်လိုအပ်သည့် အခြေအနေမျိုး မဟုတ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် အလုပ်လက်မဲ့နှုန်းသည် (၄) ရာခိုင်နှုန်းကျော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင် အစီရင်ခံစာ၌ အလုပ်သမားဈေးကွက်မှာ မျှခြေကိုက် လျက်ရှိကြောင်းသိရှိရပါသည်။

ယခင်ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည့် ငွေကြေးဖောင်းပွမှုအစီရင်ခံစပါ အချက်အလက်များအရ ဗဟိုဘဏ်အား အတိုးနှုန်းလျှော့ချရန် တွန်းအားပေးလျက်ရှိသော်လည်း အလုပ်အကိုင် ဈေးကွက်အပေါ် သက်ရောက်မည်ကို ဗဟိုဘဏ်က စိုးရိမ်လျက်ရှိကြောင်း၊ ခိုင်မာအားကောင်း လျက်ရှိသည့် အလုပ်သမားဈေးကွက်မှ အားနည်းသည့်ဈေးကွက်အဖြစ်သို့ ချက်ချင်းပြောင်းလဲ သွားခဲ့သည့် အတွေ့အကြုံများ ယခင်ကရှိခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်း (၄.၁) ရာခိုင်နှုန်းသည် မြင့်မားနေခြင်း မဟုတ်သော်လည်း ယခင်နှစ်ကာလတူရှိ အလုပ်လက်မဲ့နှုန်းဖြစ်သည့် (၃.၄) ထက် မြင့်တက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်၏ အလုပ်အကိုင် ဈေးကွက်အပေါ်အမြင်၊ ကိုဗစ်-၁၉ နောက်ဆက်တွဲ အကျိုးဆက်နှင့် မကြာသေးမီက အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြသည့် ရွှေ့ပြောင်းလုပ်သားများ စသည်တို့သည် အလုပ်အကိုင်ဈေးကွက်အခြေအနေကိုသုံးသပ်ရန် ပို၍ခက်ခဲစေကြောင်း၊ ယခင်နှစ်အတွင်း အလုပ်အကိုင်တိုးတက်မှုသည် ကျန်းမာရေးစောင့်ရှောက်မှု၊ အစိုးရနှင့် အပန်းဖြေနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများကြောင့် ဖြစ်ကြောင်း၊ ယခင်နှစ်အတွင်း ဖန်တီးပေးခဲ့သည့် အလုပ်အကိုင်ပေါင်း (၂.၇) သန်းအနက် (၁.၇) သန်းမှာ ယင်းကဏ္ဍ (၃) ခုရှိ အလုပ်အကိုင်များဖြစ်ကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ မတိုင်မီ ယင်းကဏ္ဍများက ဖန်တီးပေးခဲ့သည့် အလုပ်အကိုင်အောက် လျော့နည်းလျက်ရှိသေးကြောင်း၊  ကိုဗစ်-၁၉ မတိုင်မီက အမေရိကန်နိုင်ငံအနေဖြင့် အသက်အရွယ်ကြီးသူများပြားပြီး လူဦးရေတိုးနှုန်း နှေးကွေးသဖြင့် တစ်လလျှင် အလုပ်အကိုင်ပေါင်း (၇၀,၀၀၀) မှ (၈၀,၀၀၀) အထိ ခန့်ထားနိုင်ပါက အလုပ်လက်မဲ့နှုန်းမှာ တည်ငြိမ်နေမည်ဟု Goldman Sachs မှ စီးပွားရေးပညာရှင်များက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

                                            

Source: https://www.wsj.com/economy/jobs/jobs-report-june-unemployment-economy-68275d9e?mod=economy_lead_pos1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News