International News

အတိုးနှုန်းကို အလျင်စလိုလျှော့ချသွားမည်မဟုတ်ကြောင်း အမေရိကန်ဗဟိုဘဏ်အရာရှိများက ဖော်ပြခဲ့

Last Updated:

ယခုနှစ်ဇွန်လတွင်ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ် (Federal Reserve) အစည်းအဝေး အရ  ဗဟိုဘဏ်အရာရှိများအနေဖြင့် အလုပ်သမားဈေးကွက် အခြေအနေကြောင့်  ဗဟိုဘဏ် အတိုးနှုန်းကို အလျင်စလို လျှော့ချမည်မဟုတ်ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၃-၇-၂၀၂၄ ရက်တွင် “Fed Officials Signaled No Hurry to Cut Rates” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အတိုးနှုန်းလျှော့ချမှုကို ဟန့်တားစေသည့် ငွေကြေးဖောင်းပွမှုတိုးလာခြင်းနှင့်အတူ မျှော်မှန်း သည်ထက်ပို၍အားနည်းလာသည့် အလုပ်သမားဈေးကွက်၏ လက္ခဏာများကို သတိထားကြရန် ဗဟိုဘဏ်အရာရှိများက ပြောကြားခဲ့ကြောင်း၊ ဗဟိုဘဏ်အစည်းအဝေး တက်ရောက်သူအရာရှိများက မမျှော်လင့်ထားသည့် စီးပွားရေးအခြေအနေကို တုံ့ပြန်နိုင်မည့် ငွေကြေးမူဝါဒကို လိုအပ်ပါက ချမှတ်နိုင်ရန် အဆင်သင့် ဆောင်ရွက်ထားသင့်ကြောင်း၊ ဗဟိုဘဏ်အရာရှိများအနေဖြင့် လုပ်ခလစာ တိုးနှုန်းကို လျှော့ချရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဈေးနှုန်းမြင့်တက်မှုနှင့် ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူများအပေါ် သက်ရောက်မှုအပါအဝင် အတိုးနှုန်းကို လျှော့ချနိုင်မည့် စီးပွားရေးဆိုင်ရာ အချက်အလက်များ တိုးတက်လာရန် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူ များပြားခြင်းကြောင့် အလုပ်အကိုင်ခန့်ထားမှုများလာခဲ့သော်လည်း  အလုပ်လက်မဲ့နှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ အတိုးနှုန်းလျှော့ချရန်အတွက် ဆက်လက်စောင့်ကြည့် သွားမည်ဆိုသည့်အချက်ကို ဗဟိုဘဏ်အရာရှိ အများအပြားက သဘောတူကြသည်ဟုလည်း သိရှိရကြောင်းနှင့် နောက်လအစည်းအဝေးတွင် အတိုးနှုန်းလျှော့ချနိုင်ရေးကို ဆွေးနွေးနိုင်သေးမည် မဟုတ်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် အချိန်ကြာမြင့်တက်နေခဲ့ပြီးနောက် ယခုနှစ်စပိုင်းတွင် ကျဆင်းသည့် အခြေအနေသို့ ဦးတည်လာခဲ့သဖြင့် ယခင်လမှစ၍ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell အပါအဝင် အရာရှိအချို့က ငွေကြေးဖောင်းပွမှုကျဆင်းလာမှု အခြေအနေအပေါ် ကျေနပ်ကြောင်း ဖော်ပြခဲ့ကြသော်လည်း စက်တင်ဘာလတွင် အတိုးနှုန်းလျှော့ချနိုင်ရေးကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် မြင့်မားလာသည့်ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် အမေရိကန်ဗဟိုဘဏ်သည် နှစ်ပေါင်း (၄၀) အတွင်း အမြင့်ဆုံးအတိုးနှုန်း သတ်မှတ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစ၍ ဗဟိုဘဏ်အတိုးနှုန်းကို (၅.၂၅) ရာခိုင်နှုန်းမှ (၅.၅) ရာခိုင်နှုန်းအတွင်း အမြင့်ဆုံးထားရှိရန် သတ်မှတ်ခဲ့ကြောင်း၊ လျင်မြန်စွာ မြင့်တက်လာသည့် ကုန်ဈေးနှုန်းများကြောင့် စားသုံးသူများ ငွေကြေးသုံးစွဲမှုနှင့် အလုပ်အကိုင်ခန့်ထားမှုအပေါ် နှေးကွေးစေခဲ့သဖြင့် အတိုးနှုန်းကို မည်သည့်ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်နှင့် အတိုးနှုန်းလျှော့ချရန် မည်သည့်အချိန်အထိ စောင့်ဆိုင်းရမည်ကို မသေချာကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သည့် ခန့်မှန်းချက်အစီရင်ခံစာတွင် ဗဟိုဘဏ်အရာရှိများ အနေဖြင့် ယခုနှစ်တွင် အတိုးနှုန်းကို (၂) ကြိမ် သို့မဟုတ် (၃) ကြိမ်ကို လျှော့ချနိုင်ကြောင်း ခန့်မှန်းသော်လည်း ယင်းသို့လျှော့ချမည့်အခြေ အနေမှာ မသေချာသေးကြောင်း၊ ဇူလိုင်လ ၃၀ ရက်မှ ၃၁ ရက်နှင့် စက်တင်ဘာလအတွင်း ကျင်းပမည့် ဗဟိုဘဏ်အစည်းအဝေးများတွင် အတိုးနှုန်း လျှော့ချမည့် သဘောတူညီချက်များကို ချမှတ်နိုင်သည်ဟု ခန့်မှန်းကြသည်များလည်းရှိကြောင်း သိရပါသည်။

 

 

Source: https://www.wsj.com/economy/central-banking/federal-reserve-minutes-june-2024-inflation-interest-rates-a3ae8bd2?mod=economy_feat1_central-banking_pos1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News