International News

EWEC Danang 2023 တွင် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်း ၁၅၀ ကျော်မှ ပါဝင်ပြသ

Last Updated:

အာဆီယံနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေး စသည့်တို့ တိုးမြှင့်ရန်ရည်ရွယ်ချက်ဖြင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC 2023) ကို ဗီယက်နမ်နိုင်ငံ၊ ဒါနန်းကမ်းခြေမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်း ၁၅၀ ကျော်မှ ပြခန်းပေါင်း ၃၀၀ ကျော်တွင် လျှပ်စစ်ပစ္စည်းများ၊ နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ လက်မှုနှင့်လူသုံးကုန်ပစ္စည်းများကို ပြသထားမည်ဖြစ်ပါသည်။

EWEC 2023 ပွဲတွင် Attapue ၊ Champasaki ၊ Savannakhet(လာအို)၊ Uiwang City(တောင်ကိုရီးယား)၊ တရုတ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကနေဒါ၊ ဟန်ဂေရီနှင့် ထိုင်း စသည့်နိုင်ငံများမှ နိုင်ငံတကာအဖွဲ့အစည်း ၉ ခု ကိုယ်စားပြုသည့် ပြခန်း ၂၇ ခု ပါဝင်ပြသမည်ဖြစ်သည်။

အဆိုပါ ၆ရက်တာကျင်းပမည့် အခမ်းအနားတွင် 2023 Danang Business Networking and Export Promotion Conference၊ CPTPP သဘောတူညီချက်အရ ကနေဒါနှင့် စီးပွားရေးအခွင့်အလမ်းများ တိုးချဲ့ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတို့ပါ ကျင်းပမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာထုတ်ကုန်များကိုပြသရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန် အခြားသောလှုပ်ရှားမှုများလည်း ပါဝင်မည်ဖြစ်သည်။

ဒါနန်းပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr Tran Chi Cuong က ယခုနှစ်နိုင်ငံတကာပြပွဲသည် အရှေ့-အနောက်စီးပွားရေးစင်္ကြံအတွင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုမြှင့်တင်ရန် ရည်ရွယ်ပါကြောင်း၊ Danang သည် အရှေ့တောင်အာရှနိုင်ငံများနှင့် ကမ္ဘာနှင့်ကုန်သွယ်မှုကိုချဲ့ထွင်ရာတွင် အဓိကကျပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍသည် မြို့တော်၏ စီးပွားရေးတိုးတက်မှုအတွက် အရေးပါသောတွန်းအားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါကြောင်း ဖော်ပြထားပါသည်။

EWEC Danang Fair ကို ၂၀၀၇ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ပြီး အရှေ့-အနောက်စီးပွားရေးစင်္ကြံတစ်လျှောက်ရှိ နိုင်ငံများ၊ အလယ်ပိုင်းနှင့်အလယ်ပိုင်းကုန်းမြင့်ဒေသများရှိ မြို့ကြီးများ၊ မဲခေါင်ဒေသခွဲတို့၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအလားအလာများကို မြှင့်တင်ရန်ရည်ရွယ်ပါကြောင်း ဖော်ပြထားပါသည်။

Source : Hanoi Times                          

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News