International News

နိုင်ငံတကာအရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC) ကုန်သွယ်မှုနှင့် ခရီးသွားလာရေးပြပွဲ ၂၀၂၃ ဖွင့်လှစ်

Last Updated:

နိုင်ငံတကာအရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC 2023) ကုန်သွယ်မှုနှင့်ခရီးသွားလာရေးပြပွဲ ၂၀၂၃ ကို ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ရှိ International Exhibition Fair Center တွင် ဩဂုတ်လ ၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲသို့ ဒါနန်းပြည်သူ့ကော်မတီမှ ဒုဥက္ကဋ္ဌဖြစ်သူ Mr Tran Chi Cuong ၊ စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr. Vu Ba Phu၊ ဟနွိုင်းမြို့နှင့် ဒါနန်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ဒါနန်းပြည်သူ့ကော်မတီ၏ ဒုဥက္ကဋ္ဌဖြစ်သူ Mr Tran Chi Cuong မှ အဖွင့်အမှာစကားပြောကြားရာတွင် EWEC 2023 အား ကျင်းပရန်ဒေသအတွက် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOIT)က ဒါနန်းမြို့ကို ရွေးချယ်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ၂၀၀၇ ခုနှစ်မှ စတင်ကာနိုင်ငံတကာပြပွဲများကို အောင်မြင်စွာကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ယခုပြပွဲတွင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့်  အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ထုတ်ကုန်များ၊ ဝန်ဆောင်မှုများအား မိတ်ဆက်ပြသနိုင်မည်ဖြစ်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များအတွက် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်စေနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပါသည်။ စီးပွားရေးအသိုင်းအဝိုင်းအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ထို့ပြင် ပါဝင်ပြသသည့်နိုင်ငံများနှင့် ဒေသခံများအနေဖြင့် ဒါနန်းနှင့် ဆက်ဆံရေးထူထောင် ထားသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများလည်း မြှင့်တင်ပေးနိုင် မှာဖြစ်ကြောင်း၊ ပြပွဲတွင် ဟနွိုင်းမြို့နှင့် ဒါနန်းရှိ သံတမန်မစ်ရှင် ၈ ခုနှင့် ထုတ်ကုန်များပြသခြင်းနှင့်မိတ်ဆက်ခြင်း ပြခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြပွဲကို ဩဂုတ်လ ၃ မှ ၈ ရက်နေ့အထိ Danang Exhibition Center တွင် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းပေါင်း ၁၅၀ မှ ပြခန်းပေါင်း ၃၀၀ ကျော်ပြသမည်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများ၊ နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ၊ ပရိဘောဂများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ စက်မှုပညာ၊ လက်ဆောင်ပစ္စည်းများ၊ အစားအသောက်၊ အဖျော်ယကာ၊ အထည်အလိပ်၊ ဖက်ရှင်ပစ္စည်းများ၊ဆေးဝါး၊ အလှကုန်၊ ခရီးသွားဝန်ဆောင်မှု၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု အစရှိသည့်တို့ ပြသထားပါသည်။ ပြပွဲအား ယခုလ ၈ ရက်နေ့ထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Travels & Tour Co တစ်ခု ဝင်ရာက်ပြသခဲ့ပါသည်။

Source: Da Nang Today

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News