International News

စီးပွားရေးအတက်အကျဖြစ်နေသော်လည်း ထိုင်းနိုင်ငံ၏ လောင်စာဆီသုံးစွဲမှုသည် မြင့်တက်လျက်ရှိ

Last Updated:

၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း ထိုင်းနိုင်ငံ၏ တိုးတက်လာသော စီးပွားရေးနှင့်အတူ လောင်စာဆီသုံးစွဲမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ၂.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး နေ့စဉ် လီတာ ၁၅၄ သန်း (million litres per day –MLD) ရှိပါကြောင်း၊ လောင်စာဆီ အမျိုးအစားအများစု၏ သုံးစွဲမှုမြင့်တက်လာသော်လည်း ဒီဇယ်ဆီသုံးစွဲမှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၆၉.၂ MLD ထိ ကျဆင်းခဲ့ပါကြောင်း စွမ်းအင်လုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားပါသည်။

ယခင်နှစ်က စီးပွားရေးကျဆင်းခဲ့သော်လည်း ဒီဇယ်သုံးစွဲမှုသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါကြောင်း၊ အစိုးရ၏ ဒီဇယ်ဆီဈေးနှုန်း ၁ လီတာလျှင် ၂၉.၉၄ ဘတ်သို့ လျှော့ချလိုက်ခြင်းသည် သိသိသာသာ သက်ရောက်မှုမရှိပါကြောင်း ဦးစီးဌာန၏ အကြီးတန်းအရာရှိ Ms. Nanthika Thangsupanich က ပြောကြားခဲ့ပါသည်။

စက်တင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလအထိ သတ်မှတ်ထားသည့် ဒီဇယ်ဆီဈေးနှုန်း အသစ်၏ သက်ရောက်မှုကို အောက်တိုဘာလ ကိန်းဂဏန်းများကို ကြည့်ရှုမှသာ ရှင်းရှင်းလင်းလင်း သိနိုင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ စွမ်းအင်လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။

ဒီဇယ်ဆီဈေးနှုန်းကို ဘတ် ၃၀ အောက်တွင်ထားရန် အစိုးရသည် လောင်စာဆီရန်ပုံငွေ (Oil Fuel Fund -OFF) ကို အသုံးပြုခြင်းကြောင့် ဘတ် ၁၀၀ ဘီလီယံဆုံးရှုံးရကြောင်း လောင်စာဆီ ရန်ပုံငွေ (Oil Fuel Fund -OFF) ရုံးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဇန်နဝါရီလမှ စက်တင်ဘာလအထိ လောင်စာဆီ ဝယ်လိုအားသည် ၁၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၅.၆၂ MLD ဖြစ်ပါကြောင်း၊ ဂက်စ်ဆိုလင်းနှင့် ဂက်စ်ဆိုဟော ဝယ်လိုအား ၃၁.၇ MLD (၄.၃ ရာခိုင်နှုန်း)၊ လေယာဉ်ဆီ ၁၃.၄ MLD (၆၅ ရာခိုင်နှုန်း)၊ LPG အသုံးပြုမှု တစ်နေ့လျှင် ကီလိုဂရမ် ၁၈.၂ သန်း (၁.၅ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့ သုံးစွဲမှု တစ်နေ့လျှင်  ၃၄,၀၀၀ တန် စသည်ဖြင့် လောင်စာဆီ အမျိုးမျိုး၏ သုံးစွဲမှုမြင့်တက်ခဲ့ပါကြောင်း Ms. Nanthika က ဆက်လက်ပြောကြားပါသည်။

လောင်စာဆီသုံးစွဲမှု မြင့်တက်လာခြင်းသည် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ပထမ ၉ လအတွင်း ရေနံစိမ်း၊ LPG နှင့် သန့်စင်ပြီးဆီ တင်သွင်းမှုသည် ၁.၀၄၃ သန်း Barrels Per Day (BPD) ထိ မြင့်တက်ခဲ့ပါကြောင်း၊ သန့်စင်ပြီးဆီ တင်ပို့မှုသည် ၁၆၄,၈၀၈ BPD (၃ ရာခိုင်နှုန်း) ကျဆင်းခဲ့ပါကြောင်း၊ ကမ္ဘာ့ဆီဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့် ပို့ကုန်တန်ဖိုးသည် ဘတ် ၁၇.၃ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း Ms. Nanthika က ဖြည့်စွက်ပြောကြားပါသည်။

 

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: International News