International News

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်တွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး အစီအမံများချမှတ်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) သည် ၂၀၂၄ ခုနှစ်အတွင်း အနိမ့်ဆုံးကုန်သွယ်မှုအရန်ငွေများကို ထိန်းသိမ်းရန်၊ အခွန်တာဝန်များ ကျေပွန်စေရေးနှင့် စက်သုံးဆီ တည်ငြိမ်ရေးရန်ပုံငွေများကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းနှင့် အသုံးချခြင်းတို့ကို အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်က စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ စက်သုံးဆီဖြန့်ဖြူးရေးကို သေချာစွာဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း Vietnam News Agency အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MoIT) ၏ အဆိုအရ ယခုနှစ်အတွက် နိုင်ငံ၏ ခန့်မှန်းခြေ စက်သုံးဆီလိုအပ်ချက်မှာ ကုဗမီတာ/မက်ထရစ်တန် ၂၈.၄၂ သန်းရှိကြောင်း၊ မကြာသေးမီ နှစ်များအတွင်း စက်သုံးဆီလိုအပ်ချက် မြင့်မားလာကြောင်း သိရှိရပါသည်။ ဝန်ကြီး Nguyễn Hồng Diên ၏ ပြောကြားချက်အရ အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှု၊ စီးပွားရေးနှင့် သုံးစွဲမှုများအတွက် စက်သုံးဆီဖူလုံရေး သေချာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းဈေးကွက်ဌာန အကြီးအကဲဖြစ်သူ Phan Văn Chính မှ ၂၀၂၃ ခုနှစ်အတွက် စုစုပေါင်းတင်သွင်းမှု၊ ပြည်တွင်းထုတ်နှင့် သန့်စင်ပြီး ရေနံရင်းမြစ် စုစုပေါင်း ကုဗမီတာ/မက်ထရစ်တန်ချိန် ၂၆.၀၂ သန်း ခန့်မှန်းထားပြီး တင်သွင်းမှု ၁၀.၂ သန်းခန့်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့်ဖြူးရေးအစီအစဉ်နှင့် ဥပဒေပိုင်းဆိုင်ရာများကို လိုက်နာရန် ပျက်ကွက်ခဲ့မှုများကြောင့် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတစ်ဝှမ်း ကြိုကြားကြိုကြား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီး Diên မှ ပြောကြားခဲ့သည်။ စက်သုံးဆီကဏ္ဍအတွင်း စစ်ဆေးခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်း (သို့မဟုတ်) ချိုးဖောက်မှုများကို ကိုင်တွယ်ရာတွင် အချို့နေရာများတွင် ထိရောက်မှုမရှိသေးကြောင်း ဖော်ပြထားသည်။

ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း အနိမ့်ဆုံးကုန်သွယ်မှုအရန်ငွေများကို ထိန်းသိမ်းရန်၊ အခွန်ဆိုင်ရာတာဝန်များ ကျေပွန်စေရေးနှင့် လောင်စာဆီ တည်ငြိမ်ရေး ရန်ပုံငွေများကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းနှင့် အသုံးချခြင်းတို့ကို အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကုန်သွယ်ရေးတင်းမာမှု၊ ပထဝီဝင် နိုင်ငံရေးပြဿနာများနှင့် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများ အပါအဝင် ကမ္ဘာ့စီးပွားရေးအတွက် မျှော်မှန်းထားသည့် စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားကာ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စေရန် အရေးပေါ်အစီအမံများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ဝန်ကြီး Nguyen Hong Dien က နှစ်စဉ်စက်သုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံ သာမက လစဉ်နဲ့ သုံးလပတ်ကြားကာလအတွက် အစီအစဉ်ဆွဲခြင်း၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့သည်။ ဤကဏ္ဍအတွင်းရှိ အဓိက စီးပွားရေးဆောင်ရွက်နေသူများအနေဖြင့် အစိုးရနှင့် ဝန်ကြီးချုပ်၏ ညွှန်ကြား ချက်များကို တိတိကျကျလိုက်နာနေသ၍ ယခုနှစ်အတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

အစိုးရ၏အမိန့်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ်အသုံးပြုမှုနှင့် အီလက်ထရောနစ် ငွေတောင်းခံလွှာများ ထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် အစီအမံများ လိုအပ်ကြောင်း၊ အဆိုပါအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဓမ္မဓိဌာန်ကျမှု၊ ပွင့်လင်းမြင်သာမှုနှင့် တိကျမှုတို့ကို ဖြစ်စေမည်ဖြစ်ကြောင်းဖော်ပြထား သည်။

လစဉ်နှင့် သုံးလတကြိမ် ခွဲဝေခြင်းအတွက် အစီအစဉ်များဖြင့် အနိမ့်ဆုံး စက်သုံးဆီထောက်ပံ့မှုကို စနစ်တကျ အကောင်အထည်ဖော်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ စက်သုံးဆီလက်လီ ရောင်းချသူများအနေဖြင့် ခွဲဝေချပေးထားသော စက်သုံးဆီများကို ထိရောက်စွာ ခွဲဝေဖြန့်ဖြူးကြောင်း သေချာစွာဆောင်ရွက်ရန် တာဝန်ရှိသောကြောင့် ဤမူဝါဒကို အကောင်အထည်ဖော်ရာတွင် အရေးပါသောအခန်းမှ ပါဝင်ကြောင်း၊ လုပ်ဆောင်ချက် အဆင့်များအပေါ်အခြေခံ၍ လက်လီရောင်းချသူများအနေဖြင့် မူဝါဒ၏ ထိရောက်မှုအပေါ် အစိုးရထံ အကြံပြုချက်ပေးခြင်း (သို့မဟုတ်) လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို အဆိုပြုနိုင်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီက MoIT တွင် စက်သုံးဆီလက်လီရောင်းချသူများနှင့် ကုန်သည်ကြီးများ တွေ့ဆုံမှုတွင် ဝန်ကြီးက စျေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီသည့် လုံလောက်သော ထောက်ပံ့မှုရရှိစေရန်နှင့် အရှေ့တိုင်းနှစ်သစ်ကူး (တက်) ကာလအတွင်း ဝယ်လိုအားပြည့်မီရန် လုံလောက်သော ဝန်ထမ်းအင်အားခွဲဝေချထားမှုနှင့် အရေးပေါ်စီမံချက်များ ချမှတ်ရန် ဝန်ကြီးက ပြောကြားခဲ့ကြောင်းဖော်ပြထားသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News