ရုရှားနိုင်ငံအစိုးရသည် ပြောင်းလဲလာသည့် ကမ္ဘာ့စီးပွားရေးအခြေအနေကို တုံပြန်သည့်အနေဖြင့် ဆန်တင်ပို့မှုပိတ်ပင်ထားခြင်းအား ၂၀၂၄ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့အထိ သက်တမ်းတိုးမြှင့်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်တွင်းဈေး ကွက်တည်ငြိမ်ရေးတို့အတွက် အစိုးရ၏ကတိကဝတ်ကို အလေးပေးဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
နိုင်ငံတကာဈေးကွက် အတက်အကျဖြစ်မှုများနှင့် ရောင်းချမှုကွင်းဆက်တစ်လျှောက် ဖြစ်ပေါ်လာနိုင်သည့် ကမောက်ကမဖြစ်မှုများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ရုရှားနိုင်ငံသည် ဆန်နှင့် ဆန်စပါးတင်ပို့မှုပိတ်ပင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆောင်ရွက်မှုသည် ရုရှားနိုင်ငံအစိုးရက သယံဇာတအရင်းအမြစ်များကို ထိရောက်စွာစီမံ ခန့်ခွဲနိုင်ရန်ချမှတ်ထားသည့် မဟာဗျူဟာ၏အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ သို့ရာတွင် တားမြစ်ချက်သည် Ossetia တောင်ပိုင်းနှင့် Abkhazia ကဲ့သို့သော ဒေသများအတွက်မူ အကျုံးဝင်ခြင်းမရှိပါ။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် နိုင်ငံတကာသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများအတွက် ဆန်နှင့် ဆန်စပါးများကို ပေးပို့နိုင်ကြောင်း သိရှိရပါသည်။
ရုရှားနိုင်ငံတွင် ၁၅ နှစ်အတွင်း ဆန်ဈေးနှုန်းအမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် သက်တမ်းတိုးပိတ်ပင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက ဇူလိုင်လတွင် ကနဦးတားမြစ်ချက်ကို ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် သက်တမ်းတိုးခဲ့ခြင်းဖြစ်ကာ ထိုကဲ့သို့ဆောင်ရွက်ခဲ့ခြင်းသည် ရုရှားနိုင်ငံအစိုးရ၏ အရန်စားနပ်ရိက္ခာဖူလုံစေရေးအတွက် အလေးထားမှုကို ပြသလျက်ရှိပါသည်။ ထို့အပြင် ရုရှားနိုင်ငံအစိုးရက အချို့ဒေသများမှ သီးနှံထွက်ကုန်များ၊ နေကြာဆီနှင့် နေကြာစေ့များကို အခွန်လွတ်တင်ပို့နိုင်ရန် အကောက်ခွန်ကိုတာ ခွဲတမ်း (tariff quotas) များကို ချမှတ်ထားပါသည်။
ရုရှားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်အတူ အမေရိကန်နိုင်ငံသမ္မတ Biden သည် ရုရှားနိုင်ငံအပေါ် နောက်ဆုံးအကြိမ် အရေးယူပိတ်ဆို့မှုအနေဖြင့် အမိန့်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါပိတ်ဆို့အရေးယူမှုများသည် ရုရှားနိုင်ငံ၏စစ်ဖက်ဆိုင်ရာစက်မှုအခြေစိုက်စခန်းကို အထောက်အပံ့ပေးနေသည့် ပြည်ပဘဏ္ဍာရေးအဖွဲ့အစည်းများကို ရည်ရွယ်၍ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါအမိန့်သည် ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်နွယ်ဆောင်ရွက်နေသည့် အဖွဲ့ဝင်နိုင်ငံများကို ဒုတိယအကြိမ်မြောက်ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်နိုင်ရန် ချဲ့ထွင်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ယခုအခါ ပြည်ပငွေကြေးအဖွဲ့အစည်းများအား ၄င်းတို့၏ပိတ်ဆို့အရေးယူမှု ဆိုင်ရာစိန်ခေါ်မှုများကို လျော့နည်းသက်သာစေရန် ငွေကြေးလုပ်ငန်းများနှင့်ဖောက်သည်များကို စိစစ်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားထားပါသည်။ Biden ၏အမိန့်အသစ်သည် ရုရှား နိုင်ငံ၏ စစ်ဖက်ဆိုင်ရာစက်မှုအခြေစိုက်စခန်းကို ပိုမိုအားကောင်းစေနိုင်သည့်လုပ်ငန်းများကို ရှာဖွေဖော်ထုတ်ရန်နှင့် ရပ်တန့်နိုင်ရန်တို့အတွက် ပြည်ပမှ တတိယအဖွဲ့ဝင်နိုင်ငံများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေလျက်ရှိပါသည်။ နိုင်ငံတကာပိတ်ဆို့အရေးယူမှုများနှင့် စီးပွားရေးစိန်ခေါ်မှုများအကြား ရုရှားနိုင်ငံ၏ ဆန်တင်ပို့မှုတားမြစ်ချက်ကို သက်တမ်းတိုးမည့် ဆုံးဖြတ်ချက်သည် ရုရှားနိုင်ငံအစိုးရ၏ နိုင်ငံသားများလိုအပ်ချက်ကို ဦးစားပေး၍ နိုင်ငံ၏လယ်ယာထွက်ကုန်များအပေါ် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့် မဟာဗျူဟာကို သက်သေပြလျက်ရှိပါသည်။ ကမ္ဘာ့စီးပွားရေးမှာ ရှုပ်ထွေးမှုများနှင့်မငြိမ်မသက်ဖြစ်နေချိန်တွင် ရုရှားနိုင်ငံသည် ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးနှင့် အရန်စားနပ်ရိက္ခာဖူလုံစေရေးတို့ကို အလေးထား၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
Source: BNN Breaking News, December 30, 2023. (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
Source: https://www.doca.gov.mm