International News

အမေရိကန်ဒေါ်လာ ပြန်လည်အားကောင်းလာမှုသည် အခြားသောကမ္ဘာ့နိုင်ငံများအတွက် ပြဿနာ တစ်ရပ်ဖြစ်လာ

Last Updated:

အမေရိကန်ဒေါ်လာ ပြန်လည်အားကောင်းလာခြင်းသည် အခြားကမ္ဘာ့နိုင်ငံများအတွက် ပြဿနာတစ်ရပ်ဖြစ်လာကြောင်းကို ၂-၁၀-၂၀၂၃ ရက်နေ့တွင် Wall Street Journal အွန်လိုင်း သတင်း၌ “Dollar’s Resurgence Is a Headache for the Rest of the World” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ဒေါ်လာတန်ဖိုးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုလာလ ၂ ရက်နေ့တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ချီလီငွေကြေး Peso နှင့် နှိုင်းယှဉ်ပါက (၁၁) ရာခိုင်နှုန်း၊ ဟန်ဂေရီငွေကြေး Forint နှင့် နှိုင်းယှဉ်ပါက (၈) ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ကြောင်း၊ ဤသို့မြင့်တက်လာခြင်းသည် အစိုးရ၏ ငွေတိုက်စာချုပ်များအပေါ်ပေးချေသည့် အမေရိကန်အစိုးရ၏ Treasury yield ကြောင့်ဖြစ်ကြောင်း၊ ၂-၁၀-၂၀၂၃ ရက်နေ့ပေးသည့် Treasury yield သည် (၁၆) နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ တန်ဖိုးတက်လာသဖြင့် ငွေကြေးဖောင်းပွမှုလျော့ကျကာသွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းလည်း လျော့ကျလာကြောင်းဖော်ပြထားပါသည်။ သို့ရာတွင် Apple ကဲ့သို့သော အမေရိကန် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားငွေရရှိမှုမှာ ဒေါ်လာတန်ဖိုးမြင့်လာသဖြင့် ဝင်ငွေပမာဏ လျော့နည်းရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်ဒေါ်လာသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးတွင်ကျယ်ပြီး ရေနံနှင့် သီးနှံများ၏ ဈေးနှုန်းကို အမေရိကန်ဒေါ်လာဖြင့်သာ ဈေးနှုန်းသတ်မှတ်လေ့ရှိပါကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးတက်ပါက ထွန်းသစ်စနိုင်ငံများနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို သက်ရောက်မှုရှိစေကြောင်း သိရှိရပါသည်။ 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News