International News

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ငွေကြေးဖောင်းပွမှုနှုန်းကို လျော့နည်း ခန့်မှန်းထား

Last Updated:

ထိုင်းနိုင်ငံ၌ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသည် ၁-၁.၇ ရာခိုင်နှုန်းကြားရှိနိုင်ကြောင်း၊ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ငွေကြေး ဖောင်းပွမှု ကျဆင်းနိုင်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါ သည်။

အသား၊ ကြက်သား၊ ပင်လယ်စာနှင့် ဟင်းခတ်အမွှေးအကြိုင် စသည့်အစားအစာဈေးနှုန်းများ၊ လျှပ်စစ်နှင့် ဒီဇယ်ဈေးနှုန်းများ ကျဆင်းနေသောကြောင့် အောက်တိုဘာလနှင့် စတုတ္ထလပတ်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် အကျဖက်တွင်ရှိနေနိုင်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ နေထိုင်မှုကုန်ကျစရိတ်လျှော့ချစေရေးအတွက် ကုန်စည်ဈေးနှုန်းများကို နှစ်ကုန်ပိုင်းထိ လျှော့ချပေးခဲ့သည့် အစီအမံများကြောင့်လည်း ငွေကြေးဖောင်းပွမှု ကျဆင်းရပါကြောင်း ၎င်းက ဖြည့်   စွက်ပြောကြားခဲ့ပါသည်။

ခရီးသွားကဏ္ဍပြန်လည်ကောင်းမွန်လာခြင်းကြောင့် စားသုံးမှုမြင့်တက်လာခြင်းနှင့် ပို့ကုန်အခြေအနေများ၊ လယ်သမားများနှင့် အလုပ်သမားများ၏ ပျမ်းမျှဝင်ငွေ မြင့်တက်လာခြင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် အယ်လ်နီညိုရာသီဥတုအခြေအနေ သက်ရောက်မှုများနှင့် ဘတ်ငွေတန်ဖိုး ကျ ဆင်း နေခြင်းတို့သည် ငွေကြေးဖောင်းပွမှုနှုန်းအပေါ် သက်ရောက်လာနိုင်သောကြောင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း သုံးသပ်အကြံပြုထားပါသည်။

ယခင်ခန့်မှန်းချက်သည် GDP တိုးတက်မှုနှုန်း ၂.၅-၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ဒူဘိုင်းရေနံစိမ်း ဈေးနှုန်း ၁ စည် လျှင် အမေရိကန်ဒေါ်လာ ၇၅-၈၅ ဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း ၁ ဒေါ်လာလျှင် ဘတ် ၃၄.၅-၃၅.၅ ဖြင့်လည်းကောင်း အခြေခံတွက်ချက်ထားခြင်းကြောင့် ၁-၂ ရာခိုင်နှုန်း ဖြစ်ခဲ့ပါကြောင်း၊ ယခုအခါ အစိုးရ၏ ကုန်စည်များအပေါ် ဈေးနှုန်းလျှော့ချပေးခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း သက်သာလာခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်းရှိ ငွေကြေးဖောင်းပွမှုနှုန်း ထုတ်ပြန်ကြေညာခဲ့သည့် လာအို၊ ဖိလစ် ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားတို့နှင့်နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှု နည်းပါးသောအုပ်စုတွင် ပါဝင်နေဆဲဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစု အထူးသဖြင့် ယူကေ၊ အီတလီနှင့် ဂျာမနီစသည့် ဥရောပနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် အကျဖက်သို့ ဦးတည်နေပါကြောင်း Mr. Poonpong က ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News