International News

တတိယသုံးလပတ်တွင်ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်း ၂.၉ ရာခိုင်နှုန်းသို့ကျဆင်း

Last Updated:

ယူရိုဇုန်ရှိ စားသုံးသူစျေးနှုန်းဖောင်းပွမှုသည် ၂၀၂၁ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ တဖြည်း ဖြည်းရောက်ရှိခဲ့သော်လည်း ဂျာမန်စီးပွားရေးနှေးကွေးလာမှုက ယူရိုဇုန်၏ စီးပွားရေးကို ၀.၁ ရာခိုင်နှုန်းခန့် ကျုံ့သွားစေခဲ့သည်။

ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် စက်တင်ဘာလတွင် ၄.၃ ရာခိုင်နှုန်းမှ ၂.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ရာ ယင်းဖောင်းပွမှုနှုန်းမှာ (၂) နှစ်ကျော်ကာလအတွင်း ၎င်း၏အနိမ့်ဆုံးနှုန်း ဖြစ်ပါသည်။

လေ့လာသုံးသပ်သူများက ငွေကြေးဖောင်းပွမှုနှုန်းကို ၃ ရာခိုင်နှုန်းအထက်တွင် ဆက်လက်ရှိနေလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ဥရောပဗဟိုဘဏ် (ECB) ၏ ငွေကြေးဖောင်းပွမှု စံသတ်မှတ်ချက်ဖြစ်သော ၂ ရာခိုင်နှုန်းသို့ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါသည်။

ECB သည် ယူရိုဇုန်ဒေသ (ယူရိုငွေကြေးတစ်ခုတည်းကိုသာ သုံးစွဲသောနိုင်ငံပေါင်း ၂၀ ပါဝင်သောအစုအဖွဲ့) အတွင်း ဈေးနှုန်းများ မှတ်တမ်းတင်နိုင်လောက်အောင် မြင့်တက်နေမှုကို တိုက်ဖျက်နိုင်ရေးအတွက် ယခင်က မကြုံဖူးသော (၁၀) ကြိမ်မြောက် ဆက်တိုက်အဖြစ် အတိုးနှုန်း တိုးမြှင့်ခြင်းကို စက်တင်ဘာလတွင် ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် စီးပွားရေးတွင် အားနည်းမှုများရှိနေခြင်းနှင့် စတော့ဈေးကွက်အတွင်း ဈေးနှုန်းပြောင်းလဲမှုများ နည်းပါးလာခြင်းတို့၏ လက္ခဏာများက ECB အား ယခုလတွင် အတိုးနှုန်းကို မပြောင်းလဲဘဲ မူလအတိုင်းထားရန် တိုက်တွန်းလှုံ့ဆော်ပေးခဲ့ပါသည်။ ယင်းမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အတိုးနှုန်း နှုန်းထားများ တိုးမြှင့်ပြီးမှ မပြောင်းလဲဘဲထားရှိခြင်း ဖြစ်ပါသည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးသည့်နောက် စွမ်းအင်စျေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခဲ့ရာ ယင်းစွမ်းအင်စျေးနှုန်းများနှင့်အတူ ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုသည်လည်း ပြီးခဲ့သည့်နှစ် (၂၀၂၂ ခုနှစ်) အောက်တိုဘာလတွင် ၁၀.၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။

တစ်ချိန်တည်းတွင် ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၀.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သဖြင့် ဒုတိယသုံးလပတ်တွင် တိုးတက်မှုနှုန်း ၀.၂ ရာခိုင် နှုန်းခန့်သာရှိကြောင်း ဖော်ပြနိုင်ခဲ့သည်။

ECB မှအတိုးနှုန်းတိုးမြှင့်ခြင်းနှင့် ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်ညံ့ဖျင်းခြင်းတို့သည် စီးပွားရေးကျုံ့သွားစေရန် အထောက်အကူ ဖြစ်စေခဲ့သည်။

ဂျာမနီသည် စွမ်းအင်ကုန်ကျစရိတ် မြင့်မားနေခြင်း၊ ထုတ်လုပ်မှုကဏ္ဍတွင် နှေးကွေးနေခြင်းနှင့် အတိုးနှုန်းမြင့်မားနေခြင်းတို့၏ ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရကြောင်း၊ အီးယူ၏ ဒုတိယအကြီးဆုံး စီးပွားရေးအချက်အချာဖြစ်သော ပြင်သစ်သည်လည်း စီးပွားရေးတိုးတက်မှုနှုန်း ၀.၁ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်းနှင့် အီတလီ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာမူ တတိယသုံးလပတ်တွင် ရပ်တန့်သွားခဲ့ကြောင်း ကိန်းဂဏန်း အချက်အလက်များက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ဩစတြီးယားသည် စီးပွားရေးကျုံ့မှု ၀.၆ ရာခိုင်နှုန်းဖြင့် ယူရိုဇုန်အတွင်း စီးပွားရေးအကျုံ့ဆုံးနိုင်ငံ အဖြစ် မှတ်တမ်းတင်ထားခြင်းခံရကြောင်း Eurostat ၏ ကိန်းဂဏန်း အချက်အလက်များအရ သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/eurozone-inflation-drops-to-29-in-third-quarter/a-67264623

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News