International News

အိန္ဒိယနိုင်ငံသည် စားနပ်ရိက္ခာအခမဲ့ထောက်ပံ့ပေးသည့်အစီအစဉ်ကို နောက်ထပ် (၅)နှစ်အထိ ထပ်မံတိုးမြှင့်သွားမည်

Last Updated:

အိန္ဒိယနိုင်ငံသည် ၎င်း၏စားနပ်ရိက္ခာအခမဲ့ထောက်ပံ့ပေးသည့်အစီအစဉ်ကို နောက်ထပ်(၅) နှစ်အထိ ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ယခုလ ၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။ အိန္ဒိယအစိုးရအနေဖြင့် လာမည့်နှစ်ဦးပိုင်းတွင် ကျင်းပပြုလုပ်ရန်ရှိသည့် အထွေထေွရွေးကောက်ပွဲမတိုင်မီ စားသုံးသူများကို သီးနှံဈေးနှုန်းများမြင့်တက်ခြင်းမှ အကာအကွယ်ပေးရန် ကြိုးပမ်းသည့်အနေဖြင့် ယင်းသို့ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။

ယင်းသို့စားနပ်ရိက္ခာအခမဲ့ထောက်ပံ့ပေးသည့်အစီအစဉ်ကို အချိန်ထပ်မံတိုးမြှင့်ခဲ့သည့်အတွက် အိန္ဒိယပြည်သူများအနေဖြင့် သက်သာရာရရှိနိုင်သော်လည်း အစိုးရအနေဖြင့် အသုံးစရိတ်များစွာ ကျခံသုံးစွဲရန်လိုအပ်လာမည်ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယအစိုးရအနေဖြင့် ပြည်သူသန်း ၈၀၀ ကျော်အား စားနပ်ရိက္ခာအခမဲ့ထောက်ပံ့ပေးမည့်အစီအစဉ်ကို ခါးဆက်ပြတ်မသွားစေရန် တောင်သူလယ်သမားထံမှ ဂျုံနှင့်ဆန်ကို ပိုမိုဝယ်ယူသွားရန် လိုအပ်သောကြောင့်ဖြစ်သည်။

ယခုလအတွင်း ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေသည့် Chhattisgarh ပြည်နယ် မြို့တော် Durg သို့ရောက်ရှိစဉ် ဝန်ကြီးချုပ်က လူထုထံ အဆိုပါကိစ္စအား အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ကုန်၌ သက်တမ်းကုန်ဆုံးတော့မည့် အဆိုပါအစီအစဉ်သည် အစိုးရအတွက် ရူပီး ၂ ထရီလျှံ (ကန်ဒေါ်လာ ၂၄ ဒသမ ၀၆ ဘီလျှံ)ခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဂျုံနှင့်ဆန်ထုတ်လုပ်သည့်နိုင်ငံတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံသည် အဆိုပါထုတ်ကုန်နှစ်ခုစလုံး၏ ပြည်တွင်းဈေးနှုန်းများမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန် ၎င်းတို့အား ပြည်ပတင်ပို့မှုအား ကန့်သတ်ခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် အဆိုပါအစီအစဉ်ကို ရှေ့သို့ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်သော စားနပ်ရိက္ခာများကို တောင်သူလယ်သမားထံမှ မပြတ်ဝယ်ယူရန်လိုအပ်သည့်အတွက် ၎င်းတို့အား ပြည်ပတင်ပို့မှုကို အချိန်အတော်ကြာဆက်လက်ကန့်သတ်ထားဖွယ်ရှိကြောင်း မွန်ဘိုင်းမြို့နေ ကုန်သည်တစ်ဦးက ခန့်မှန်းပြောကြားခဲ့သည်။ အကယ်၍ အစိုးရအနေဖြင့် ယင်းသို့ကန့်သတ်ထိန်းချုပ်ထားခြင်းမရှိပါက ၎င်းထုတ်ကုန်များ၏ ပြည်တွင်းဈေးနှုန်းများသည် သတ်မှတ်သည့် ကြမ်းခင်းဈေးထက် မြင့်တက်လာဖွယ်ရှိပြီး၊ လုံလုံလောက်လောက်ဝယ်ယူရန် အခက်အခဲတွေ့နိုင်သည့်အတွက်ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ယခုနှစ်ဆန်စပါးအထွက်နှုန်းသည် လွန်ခဲ့သော(၈)နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အနိမ့်ဆုံးသို့ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ရွေးကောက်ပွဲကာလမတိုင်မီတွင် စားသောက်ကုန်ဈေးနှုန်းများတည်ငြိမ်မှုရှိရန် ပြည်ပသို့ဆန်တင်ပို့မှုကို အချိန်တိုးမြှင့်၍ ကန့်သတ်သွားဖွယ်ရှိနေ သည်။

ကမ္ဘာ့ဆန်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ရယူထားသည့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်ဇူလိုင်လက ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ပိတ်ပင်ခဲ့သည့်အတွက် ကမ္ဘာ့ဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်သွားခဲ့ရသည်။ ယမန်နှစ်ကလည်း အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် ဂျုံအထွက်နှုန်းလျော့ကျခဲ့ရာ အစိုးရက ပြည်ပသို့ ဂျုံတင်ပို့မှုကို ရုတ်တရက်ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆင်းရဲသောပြည်သူများအတွက် ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်စေရန် သို့မဟုတ် အခမဲ့ပေးဝေရန်ရည်ရွယ်၍ စားနပ်ရိက္ခာအခမဲ့ထောက်ပံ့ပေးသည့်အစီအစဉ်ကို အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအက်ဥပဒေအရ(National Food Security Act-NFSA) ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြုခဲ့ပြီး၊ ယခုနှစ် ဒီဇင်ဘာလအထိ (၁)နှစ်သက်တမ်းဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ အဆိုပါအစီအစဉ်ကို နောက်ထပ်(၅)နှစ်အထိ ထပ်မံသက်တမ်းတိုးမြှင့်သွားရန် အစိုးရက ကတိပြုခဲ့ခြင်းဖြစ်ပါ သည်။ အဆိုပါလုပ်ဆောင်ချက်ကြောင့် ဆင်းရဲသောအိန္ဒိယပြည်သူများအနေဖြင့် သက်သာရာရရှိနိုင်သော်လည်း အစိုးရအနေဖြင့် ဘတ်ဂျက်ငွေအများအပြားသုံးစွဲသွားရန်လိုအပ်လျက်ရှိသည့်အခြေအနေအား သိရှိနိုင်ရေး သုံးသပ် တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Reuters သတင်းဌာန၊ “India to extend free food grains programme by five years, says Modi”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News