International News

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုခဲ့

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ၎င်းနှင့်သံတမန်ဆက်ဆံရေးရှိသည့်  ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအားလုံးမှ ကုန်စည်အားလုံးအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါမူဝါဒကို ကြေညာသည့် ပထမဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံနှင့် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာကြောင်း၊ ယင်းမူဝါဒသည် အပြန်အလှန်အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ဖော်ပြလျက်ရှိပြီး ကမ္ဘာ့စီးပွားရေးအတွက် အခွင့်အလမ်းသစ်များ ယူဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်ကောင်စီ၊ အကောက်ခွန်ကော်မရှင်၏ စက်တင်ဘာလက ထုတ်ပြန်ချက်အရ အဆိုပါလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို တစ်ဖက်သတ် ဈေးကွက်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိရန် ရည်ရွယ်ကြောင်း သိရှိရသည်။

အကောက်ခွန်ခွဲတမ်းရှိသည့် ကုန်ပစ္စည်းများအတွက်မူ ကိုတာ(quota)အတွင်းမှ တင်သွင်းသည့်ကုန်စည်များသည် အကောက်ခွန်ကင်းလွတ်ခွင့်ရှိမည်ဖြစ်ပြီး ကိုတာခွဲတမ်းထက်ကျော်လွန်သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းထားများမှာ ယခင်အတိုင်းမပြောင်းလဲဘဲရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမူဝါဒသည် ပေကျင်းမြို့၌ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ သည့် 2nd China International Supply China Expo တွင် ပါဝင်ပြသခဲ့သည့် ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများရှိ ကုမ္ပဏီများထံမှ အပြုသဘောဆောင်သော တုံ့ပြန်မှုကိုရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါမူဝါဒကို ဝမ်းသာကြိုဆိုကြောင်းနှင့် ၎င်းသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်လာစေမည်ဟု ရဝမ်ဒါနိုင်ငံမှ စိုက်ပျိုးရေးကုမ္ပဏီ Phoenix Ventures ၏ CEO ဖြစ်သူ Emma Mutijima က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါမူဝါဒသစ်ကြောင့် ၎င်း၏ကုမ္ပဏီသည် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ပို့မှုကိုတိုးချဲ့ရန် စဉ်းစားမည်ဖြစ်ပြီး ပျားရည်၊ ကော်ဖီနှင့် ငရုတ်သီးကဲ့သို့သော ထုတ်ကုန်များသည် တရုတ်နိုင်ငံ၌ ဝယ်လိုအားမြင့်မားကြောင်းနှင့် ရဝမ်ဒါထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ တိုးမြှင့်တင်ပို့ရန် ကြိုးစားလျက်ရှိကြောင်း Mutijima က ပြောကြားခဲ့သည်ဟု သိရှိရသည်။

မူဝါဒအသစ်ကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)မှ ကုမ္ပဏီများသည် ၎င်းတို့၏ပို့ကုန်များကိုတိုးမြှင့်တင်ပို့ရန် ပိုမိုစိတ်အားထက်သန်နေကြကြောင်းနှင့် တရုတ်နိုင်ငံသို့တင်ပို့သည့် ပို့ကုန်အမျိုးအစားများကို ကွဲပြားစေရန်ပြုလုပ်ရမည်ဖြစ်ကြောင်း DRC ၏ အမျိုးသားပို့ကုန် လေ့ကျင့်ရေးအေဂျင်စီမှ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရေးဆိုင်ရာမှ ဒါရိုက်တာ Thythy Nsumbu Tshikala က ပြောကြားခဲ့သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းကဲ့သို့သောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ပြည်တွင်းဖွံ့ဖြိုးမှုအရှိန်အဟုန်ကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း Beijing Foreign Studies University မှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာကျောင်းမှ ပါမောက္ခ Song Wei က ပြောကြားခဲ့သည်ဟု သိရှိရသည်။

အနောက်နိုင်ငံများတွင် အကာအကွယ်ပေးရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒမြင့်တက်လာ သည့်အခြေအနေကို ဆန့်ကျင်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ကြီးမားသောစျေးကွက်အပေါ်အခြေခံပြီး အခြားနိုင်ငံများနှင့် အခွင့်အလမ်းများကိုမျှဝေရန် ဆောင်ရွက်ခြင်းသည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကမ္ဘာတစ်ဝန်းအလုပ်သမားခွဲဝေမှုကိုမြှင့်တင်ရာတွင် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများရှိလာမည်ဖြစ်ကြောင်း Song က ပြောကြားခဲ့သည် ဟုသိရှိရသည်။

တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ ပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ်ကိုမြှင့်တင်ခဲ့ကြောင်း၊ မကြာသေးမီက ၎င်း၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စျေးကွက်ဝင်ရောက်ခွင့် ကန့်သတ်ချက်အားလုံးကို ဖယ်ရှားခဲ့ပြီး နှစ်ပေါင်းများစွာ လိုအပ်နေသော သေချာမှုနှင့် အခွင့်အလမ်းများကို ပေးဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသော ကမ္ဘာ့စီးပွားရေးကို ပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။

Source: https://www.globaltimes.cn/page/202411/1324070.shtml

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News