International News

၂၀၂၂-၂၀၂၃ သီးနှံရာသီအတွက် တတိယအကြိမ်မြောက် သန့်စင်ပြီးသကြားတင်သွင်းခွင့်အစီအစဉ်အား သမ္မတမားကို့စ်မှ အတည်ပြုထုတ်ပြန်

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ခံ Sugar Regulatory Administration (SRA) မှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ၂၀၂၂-၂၀၂၃ သီးနှံရာသီအတွက် တတိယအကြိမ် သကြားတင်သွင်းခြင်းဆိုင်ရာ အစီအစဉ်နှင့်စပ်လျဉ်းသည့် Sugar Order No (7) အား ထုတ်ပြန်ကြေညာ ခဲ့ပါ သည်။ အဆိုပါ အမိန့်ကြော်ငြာစာတွင် သန့်စင်ပြီးသကြားတန်ချိန် ၁၅၀,၀၀၀ မက်ထရစ်တန်အား တင်သွင်းသွားမည်ဖြစ်ပြီး တင်သွင်းမည့် သကြားအပေါ်တွင် စာရင်းရှင်းလင်းထိန်းသိမ်းခ အနေဖြင့် ၅၀ ကီလို တစ်အိတ်လျှင် ပီဆို ၃၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

တွက်ချက်မှုများအရ တင်သွင်းမည့်သကြားအပေါ်ကောက်ခံမည့် စာရင်းရှင်းလင်းထိန်းသိမ်းခ အနေဖြင့် ပီဆို ၉၉ သန်းခန့် စာရင်းရှင်းလင်းထိန်းသိမ်းခ ရရှိမည်ဖြစ်ပါကြောင်း၊ တင်သွင်းခွင့်ရရှိမည့် သကြားများအတွက် ၅၀ ကီလိုပါတစ်အိတ်လျှင် ပီဆို ၇၅၀ နှုန်းဖြင့် စာချုပ်ချုပ်ဆိုရမည်ဟု အမိန့် ကြော်ငြာစာတွင် ဖော်ပြပါရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ သီးနှံရာသီအတွက် တတိယအကြိမ် သကြားတင် သွင်းမည့်အစီအစဉ်အား သမ္မတမားကို့စ်မှ အတည်ပြုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ပြည်တွင်းသကြားဖူလုံမှုရှိစေရန်နှင့် ကျန်သည့်ပမာဏမှာ အရန်သကြားရိက္ခာအတွက်ဖြစ်ကြောင်း ဖော်ပြပါရှိ ပါသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် သကြားစက်ရုံများမှ စတင်ထုတ်လုပ်သည့် ကာလစောခဲ့ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ပြည်တွင်းဝယ်လိုအား တိုးမြင့်ခဲ့ခြင်းတို့ကြောင့် သကြားထုတ်လုပ်နိုင်မှု လျော့နည်းခဲ့သဖြင့်   သမ္မတမားကို့စ်ဦးဆောင်သော စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် SRA မှ တာဝန်ရှိသူများ မှ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် Sugar Order No (6) တွင် လိုအပ်ချက်များရှိခဲ့သည်ကို သတိပြုမိခဲ့ပါကြောင်း ဖော်ပြထားပါသည်။

ယခုနောက်ဆုံးထုတ်ပြန်သည့် သကြားတင်သွင်းမှုအစီအစဉ်တွင်မူ မှတ်ပုံတင်ထားသည့် သကြားတင်သွင်းသူ  Registered SRA International Traders များမှ လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများဖြင့် သကြား တင်သွင်းခွင့်လျှောက်ထားနိုင်ပါကြောင်း၊ SRA Board မှ လိုအပ် သည့် အချက်အလက်များအား စစ်ဆေးပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် သကြားတင်သွင်း သူများအား တင်သွင်းခွင့်ပမာဏအား သတ်မှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ တင်သွင်းခွင့်ရရှိသူများ အနေဖြင့် ၎င်းတို့ခွဲဝေရရှိထားသည့် တင်သွင်းခွင့်ပမာဏအတိုင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ထက်နောက် မကျစေဘဲ တင်သွင်းရန်လိုအပ်ပါကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိပါ သည်။

ထို့နောက် တင်သွင်းသူတစ်ဦးချင်းစီသည် ကုန်ပစ္စည်းအမှန်တကယ်ရောက်ရှိပြီး တစ်လအတွင်း အပြီး ဖြန့်ချိသွားရန်နှင့် အမှန်တကယ် ဖြန့်ချိပြီးသည့် ပမာဏအထောက်အထားများနှင့်တကွ SRA သို့ ပြက္ခဒိန်ရက် ၃၀ ရက် အတွင်းတင်ပြသွားရမည်ဖြစ်ပါသည်။ သတ်မှတ်ရက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မတိုင်မီ သကြားတင်သွင်းခွင့်သတ်မှတ်ခွဲတမ်းအတိုင်း မရောက်ရှိပါက သင့်တော်သည့် ဒဏ်ကြေးနှင့် အရေးယူမှုများအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News