International News

အမေရိကန်နှင့် ဥရောပနိုင်ငံများ သမ္မတဒေါ်နယ်ထရမ့်ချမှတ်ခဲ့သည့် သွင်းကုန်အပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းအပေါ် ပြေလည်မှုမရရှိ

Last Updated:

အမေရိကန်နှင့် ဥရောပနိုင်ငံများသည် သမ္မတဒေါ်နယ်ထရမ့်ချမှတ်ခဲ့သည့် သွင်းကုန်အပေါ် ကောက်ခံသည့်အကောက်ခွန်နှုန်းအပေါ် ပြေလည်မှုမရဘဲ ရှိကြောင်း The Wall Street Journal အွန်လိုင်းသတင်း၌ ၁၄-၁၀-၂၀၂၃ ရက်နေ့တွင် “U.S. and Europe Clash Over Trump-Era Tariffs” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ ပထဝီနိုင်ငံရေးအရ အရေးပါသည့် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးသည် သမ္မတဒေါ်နယ်ထရမ့်ချမှတ်ခဲ့သော ဥရောပသမဂ္ဂ၏သတ္တုသွင်းကုန်အပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းကို သမ္မတဘိုင်ဒင်အစိုးရက ပယ်ဖျက်ခြင်းမပြုသဖြင့် နှစ်ဖက်ပြေလည်မှု မရရှိကြကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်သည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ သံမဏိနှင့် အလူမီနီယံသွင်းကုန်များအပေါ် အမျိုးသားလုံခြုံရေးကို အကြောင်းပြကာ အကောက်ခွန်နှုန်းအများ အပြားသတ်မှတ်ကောက်ခံခဲ့ကြောင်း၊ ထိုသို့ကောက်ခံခဲ့ခြင်းအပေါ် North Atlantic Treaty Organization (NATO) အပါအဝင် အခြားအမေရိကန် ၏မိတ်ဖက်နိုင်ငံများကို ဒေါသထွက်စေခဲ့ ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရနှင့် ဥရောပသမဂ္ဂတို့က ထိုအငြင်းပွားမှုကို ခေတ္တဆိုင်းငံ့ကြောင်းကြေညာခဲ့ပြီး နှစ်ဖက်အရာရှိများက သံမဏိအများအပြား ထုတ်လုပ်မှုနှင့် ရာသီဥတုအပေါ် ထိခိုက်မှုတို့ကို အဖြေရှာရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ညှိနှိုင်းခဲ့ကြပြီး အောက်တိုဘာလ စတုတ္ထရက်သတ္တပတ်အတွင်းကျင်းပမည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းမှု၏ တိုးတက်ဖြစ်ပေါ်မှုရလဒ်ကိုထုတ်ပြန်သွားရန်ရှိကြောင်း၊ သို့ရာတွင် နှစ်ဖက်အငြင်းပွားမှုကို တိတိကျကျဖြေရှင်းနိုင်သည့်အခြေအနေထက် လက်ရှိအကောက်ခွန်နှုန်းကိုသာ ဆက်လက်ထားရှိသည့်အခြေအနေဖြစ်နိုင်ပြီး လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲအထိ ကြာမြင့်နိုင်သည်ဟု သုံးသပ်ကြကြောင်း ဖော်ပြထားပါသည်။

နှစ်နိုင်ငံအရာရှိများအနေဖြင့် သဘောတူညီမှုတစ်ခုခုရရှိရန် ကြိုးပမ်းလျက်ရှိပြီး သဘောတူညီမှုမရရှိပါက အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ဆက်ဆံရေးကို အားနည်းစေနိုင်သကဲ့သို့ အမေရိကန်နိုင်ငံ၏ ရုရှား-ယူကရိန်းပဋိပက္ခအပေါ် ထောက်ခံမှု၊ အမေရိကန်-ဥရောပသမဂ္ဂ ဆက်ဆံရေးနှင့် NATO အပေါ် အမေရိကန်၏ ထောက်ခံမှုတို့ကိုလည်း သက်ရောက်မှုရှိစေနိုင် ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရ လက်ထက်တွင် ဥရောပသမဂ္ဂမှ သံမဏိနှင့် အလူမီနီယံသွင်းကုန်များကို ယခင်သွင်းကုန်အရေအတွက် အောက်ပမာဏဖြစ်ပါက အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုကာ ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ဥရောပသမဂ္ဂကလည်း ထိုအကောက်ခွန် နှုန်းသတ်မှတ်ချက်ကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်ထုတ်ကုန်များဖြစ်သည့် Harley-Davidson မော်တော်ဆိုင်ကယ်အပါအဝင် Bourbon Whisky တို့အပေါ် ကောက်ခံသည့်အခွန်နှုန်းထားကို ဆိုင်းငံ့ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

အမေရိကန်ထုတ်ကုန်စည်များအပေါ် Clean technology ဆိုင်ရာ ထောက်ပံ့ငွေပေးခြင်းနှင့် စပ်လျဉ်း၍ဖော်ပြပါရှိသည့် ငွေကြေးဖောင်းပွမှုလျော့ချရေးအက်ဥပဒေပြဋ္ဌာန်းလိုက်ခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်-ဥရောပသမဂ္ဂ ကုန်သွယ်ရေးတင်းမာမှု ထပ်မံပေါ်ပေါက်လာခဲ့ကြောင်း၊အမေရိကန်အနေဖြင့် ဥရောပသမဂ္ဂ၏စွမ်းအင်လိုအပ်ချက်အပေါ် အခွင့်အရေးယူကာ ထိုသို့ချမှတ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဥရောပသမဂ္ဂဖက်က ဝေဖန်ကြကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုတွင် အမေရိကန်အနေဖြင့် ဥရောပသမဂ္ဂ၏ သတ္တုတင်ပို့မှုအပေါ် အကောက်ခွန်နှုန်းနှင့်ပတ်သက်၍ စဉ်းစားလျက်ရှိကြောင်း၊ ဥရောပသမဂ္ဂသို့ တရုတ်နိုင်ငံမှသတ္တုတင်ပို့မှုအပေါ် အကောက်ခွန်ပိုမို ကောက်ခံပါက ဥရောပသမဂ္ဂအပေါ် သတ်မှတ်သည့်အကောက်ခွန်နှုန်းထားကို အမေရိကန်အနေဖြင့် ဆက်လက်ဆိုင်းငံ့ပေးနိုင်သည်ဆိုသည့်အချက်ဖြင့် အလဲအလှယ်ပြုလုပ်နိုင်ကြောင်း၊ ဥရောသမဂ္ဂအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းများနှင့်အညီ အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်း သတ်မှတ်ချက်ကို ကုန်သွယ်ရေးအစီအမံများချမှတ်ကာရပ်ဆိုင်းစေလိုကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်၏ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ အကောက်ခွန်နှုန်းကို ဖယ်ရှားပေးစေလိုပြီး သမ္မတရွေးကောက်ပွဲမတိုင်မီ ဖယ်ရှားနိုင်ခြင်းမရှိပါက နောက်ထပ်ရွေးကောက်ခံ သမ္မတအနေဖြင့် ယခင်အကောက်ခွန်နှုန်းအတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

တရုတ်သွင်းကုန်များအပေါ် ဖိအားပေးရန်နှင့်ပတ်သက်၍ ဥရောပသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်မှ ထုတ်လုပ်ခြင်းမဟုတ်သော သံမဏိထုတ်ကုန်များအပေါ် ထောက်ပံ့ကြေးပေးမှုကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သော်လည်း တရုတ်ထုတ်ကုန်များအပေါ် သီးခြားအရေးယူ ဆောင်ရွက်ခြင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းနှင့်ကိုက်ညီမှုမရှိသဖြင့် ထိုအဆိုပြုချက်ကို ငြင်းပယ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်ကုန်သွယ်မှုကိုယ်စားလှယ် Ms. Catherine Tai က အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုသည် အလွန်ခက်ခဲ့သည့် ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကလည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုမှ ရလဒ်များထွက်ပေါ်လာရန် မျှော်လင့်ပြီး ၎င်းတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြပါသည်။

အမေရိကန်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနောက်ပိုင်း၌  Bidenomics စီးပွားရေးအစီအစဉ်သစ်ကိုပြဋ္ဌာန်းကာ ပြည်တွင်းလုပ်ငန်းများနှင့် လုပ်ငန်းငယ်များကို အားပေး၍ ပြည်တွင်း၌ အလုပ်အကိုင်ဖန်တီးပေးနိုင်ရန် ပိုမိုအလေးထားလာကြောင်း သုံးသပ်ရပါသည်။

 

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News