International News

AI သည် စီးပွားရေးတိုးတက်မှုကိုစေ့ဆော်ပေးနိုင်သော်လည်း လူသားများကအတားအဆီး သဖွယ်ဖြစ်နေ

Last Updated:

ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) သည် စီးပွားရေးတိုးတက်မှုကို စေ့ဆော်ပေးနိုင်သော်လည်း လူသားများကအတားအဆီးသဖွယ်ဖြစ်နေကြောင်း The Wall Street Journal အွန်လိုင်း သတင်း၌ ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် “AI Could Spur an Economic Boom. Humans are in the Way.” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဉာဏ်ရည်တု (Artificial Intelligence – AI) သည် အမေရိကန်၏ စီးပွားရေးကို မည်သည့်အတိုင်းအတာအထိ တိုးတက်စေနိုင်ကြောင်း ChatGPT ခေါ် ဉာဏ်ရည်တုနည်းပညာသုံး Application အား မေးမြန်းရာ“အတိအကျခန့်မှန်းရန် စိန်ခေါ်မှုရှိကြောင်း” ဖြင့် မသေချာသည့် အဖြေကိုဖြေကြားခဲ့ပြီး ယင်းအဖြေမှာ စီးပွားရေးပညာရှင်အများစု ဖြေကြားမည့်အဖြေနှင့် အတူတူပင်ဖြစ်ကြောင်း၊ OpenAI ၏ ChatGPT ခေါ် ဉာဏ်ရည်တုနည်းပညာသုံး Application ကို ကုမ္ပဏီများနှင့် စားသုံးသူများက စာတိုပေးပို့မှုစနစ်နှင့် ရုပ်ပုံများဖန်တီးရန် အသုံးပြုမှုများလာပြီးနောက် စီးပွားရေးပညာရှင်အချို့က ဉာဏ်ရည်တုသည် အလုပ်ခွင်ယဉ်ကျေးမှုကို ပြောင်းလဲစေနိုင်ပြီး၊ စီးပွားရေးလုပ်ငန်းများ၏ တစ်နာရီကုန်ထုတ်မှုပမာဏကိုလည်း တိုးတက်လာစေနိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း၊ ဤသို့ခန့်မှန်းချက်မှာ သီအိုရီအရ ခန့်မှန်းချက်သာဖြစ်ပြီး အကြောင်းရင်းများစွာအပေါ် အခြေခံကြောင်း၊ ကုမ္ပဏီများအနေဖြင့် အများအသုံးပြုသည့်နည်းပညာကို လုပ်ငန်းခွင်တွင် အသုံးပြုခြင်းဖြင့် ၎င်း၏ဝန်ထမ်းများနည်းပညာ အသုံးပြုမှု ကျွမ်းကျင်ကာ နည်းပညာအသုံးပြုခြင်းဖြင့် ကုမ္ပဏီ၏ကုန်ထုတ်လုပ်မှု တိုးတက်လာသည့်အခြေအနေကို ဆိုလိုခြင်းဖြစ်ကြောင်း၊ Goldman Sachs ၏ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံတွင် AI အသုံးပြုမှု တွင်ကျယ်လာသည်နှင့်အမျှ လာမည့် (၁၀) နှစ်အတွင်း ကုန်ထုတ်လုပ်မှုသည် တစ်နှစ်လျှင်(၁.၅) ရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း၊ ထိုသို့တိုးနှုန်းသည် ၂၀၀၇ ခုနှစ် ကုန်ထုတ်လုပ်မှု တိုးနှုန်းနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့် တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Goldman Sachs ၏ အကြီးတန်းစီးပွားရေးပညာရှင် Mr. Joseph Briggs က ထိုသို့တိုးနှုန်း နှစ်ဆတိုးတက်မှုကို ခန့်မှန်းရန်ခက်ခဲ့ကြောင်း၊ ကုမ္ပဏီများအနေဖြင့် AI အသုံးပြုမှုတွင်ကျယ်မှသာ နှစ်ဆတိုးလာ နိုင်သော်လည်း ကုမ္ပဏီများက AI အသုံးပြုရန်မှာ သေချာမှုမရှိကြောင်း၊ ထို့ကြောင့် AI နည်းပညာအသုံးပြုမှု တွင်ကျယ်ခြင်းနှင့် ယင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုအကြား ကွာဟချက်ရှိကြောင်း၊ အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်အကြား နှစ်အလိုက် ကုန်ထုတ်လုပ်မှုတိုးတက်နှုန်းသည် (၁.၄) ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးနှုန်း မြင့်မားလာမှသာလျှင် ရေရှည်စီးပွားရေးတိုးတက်မှုကို ရရှိနိုင် ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလတွင်ကောက်ယူခဲ့သည့် Wall Street Journal ၏ စီးပွားရေးစစ်တမ်းအရ ဖြေဆိုသူ (၆၁) ရာခိုင်နှုန်းက ChatGPT ကဲ့သို့သော ဉာဏ်ရည်တုနည်းပညာများအသုံးပြုခြင်းဖြင့် လာမည့် (၅) နှစ်တွင် အမေရိကန်၏ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP) အနည်းငယ်သာ တိုးနိုင်ကြောင်းနှင့် ဖြေဆိုသူ(၂၉)ရာခိုင်နှုန်းကလာမည့် (၅) နှစ်တာကာလအတွင်း သက်ရောက်မှု တစ်စုံတစ်ရာမရှိနိုင်သေးကြောင်းဖြင့် ဖြေကြားခဲ့ကြပါသည်။

Goldman Sachs ၏လေ့လာဆန်းစစ်မှုအရ AI သည် အမေရိကန်နိုင်ငံရှိ အလုပ်အကိုင် လေးပုံတစ်ပုံခန့်ကို စက်ဖြင့်လည်ပတ်ဆောင်ရွက်နိုင်ကြောင်းနှင့် ထိုအလုပ်အကိုင်များတွင် အထူးသဖြင့် အုပ်ချုပ်ရေးနှင့် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းများ ပါဝင်ကြောင်း၊ လုပ်သားအင်အား ကိုသာ အသုံးပြုရသည့် ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် စက်ဖြင့်လည်ပတ်နိုင်မှုနည်းပါးကြောင်း၊ လူသားများလုပ်ကိုင်သည့် အလုပ်များကို စက်ဖြင့်အစားထိုးလုပ်ကိုင်လာခြင်းဖြင့် အလုပ်ခေါ်စာများကို အလုပ်အကိုင်ခေါ်ယူသည့် အင်တာနက်စာမျက်နှာများတွင် ဖော်ပြရန်မလိုတော့ကြောင်း၊ နည်းပညာအသစ်များကြောင့် အလုပ်တာဝန်ပြောင်းလဲလာကြောင်း၊ သမိုင်းပညာရှင်များကလည်း နည်းပညာအသစ်များသည် အလုပ်နေရာပျောက်စေခြင်းထက် အလုပ်အကိုင်ပိုမိုဖန်တီးပေးကြောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်၍ သုသေသနလုပ်ငန်းတစ်ခုဖြစ်သည့် Upjohn Institute မှ အကြီးတန်းစီးပွားရေး ပညာရှင် Mr. Brad Hershbein က ကုမ္ပဏီများ AI ကို လျင်မြန်စွာအသုံးပြုခြင်းဖြင့် အလုပ်အကိုင်များ ဆုံးရှုံးနိုင်ကြောင်းနှင့် နည်းပညာ အသုံးပြုသည့် ကုမ္ပဏီများသည် အသုံးမပြုသည့်ကုမ္ပဏီများထက် ဈေးကွက်ဝေစုများပိုမို ရရှိလာကြကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

 

 

 

Category: International News