International News

ထိုင်းနိုင်ငံတောင်ပိုင်း ယလာပြည်နယ်ရှိ ဒေသထွက် ရေချိုငါးအမျိုးအစား ၂ မျိုးအတွက် Geographical Indication (GI) မှတ်ပုံတင်ဆောင်ရွက်သွားရန်ရှိ

Last Updated:

 ထိုင်းနိုင်ငံတောင်ပိုင်း ယလာပြည်နယ်ရှိ ဒေသထွက် ရေချိုငါး အမျိုးအစား ၂ မျိုးအတွက် Geog-raphical Indication အဖြစ် မှတ်ပုံတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း ခွင့်ပြုချက်ရရှိနိုင်‌ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Vuttikrai Leewira-phan က ပြောကြားခဲ့သည်။     ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ယလာပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် တောင်သူများနှင့် လုပ်ငန်းလည်ပတ်နေသူ ကိုယ်စားလှယ်များကယလာပြည်နယ် ဘီတောင် (Betong) ခရိုင်ရှိ Hala Bala Khela mahseer (river carp) နှင့် Betong tilapia ငါးအမျိုးအစား ၂ မျိုးအတွက် မှတ်ပုံတင်နိုင် ရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းငါး ၂ မျိုးမှာ အစားအစာ နယ်ပယ်တွင် Soft Power ထုတ်ကုန်များဖြစ်ကြောင်း၊ GI သည် နိုင်ငံတစ်ခု၏ ဒေသတစ်ခုမှ တစ်ခုတည်းသော ထုတ်ကုန်အဖြစ် တစ်ခုတည်းသော သွင်ပြင်လက္ခဏာနှင့် အရည်အသွေးကို သတ်မှတ်‌ပေးသည့် ပုံစံဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အစားအစာ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းတွင် အမျိုးအစားအလိုက် GI မှတ်ပုံတင်ထားသော ထုတ်ကုန် ၂၀၀ ခန့်ရှိပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြား ခဲ့သည်။

  ယခုနှစ်အတွင်း GI ထုတ်ကုန်များမှ ရောင်းရငွေ ဘတ် ၆၀ ဘီလီယံရရှိရန် ရည်ရွယ်၍ အမယ် ၂၀ ကို ထပ်တိုး မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ GI ထုတ်ကုန်အဖြစ် သတ်မှတ်ရန်အချက် ၃ ချက်ပါဝင်ရမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ သဘာဝဂုဏ်ရည်များ၊ ထုတ်လုပ်မှုပုံစံ၊ ဆွဲဆောင်မှုရှိသော ဖော်ပြချက်များ ဖြစ်ကြောင်း၊ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ခြင်းဖြင့် ဒေသခံထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်ရန်၊ ခရီးသွားများဆွဲဆောင်ရန်၊ အလုပ်အကိုင်ဖန်တီးပေးရန်နှင့် ဒေသခံများ၏ ဝင်ငွေတိုးတက်စေရန် ဖြစ်ပြီး ယလာရှိ ရေချိုငါးမွေးမြူရေးဖွံ့ဖြိုးစေရန်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

  Hala Bala Khela mahseer သည် Hala-Bala သစ်တောစမ်းချောင်းများမှ မိဘများနှင့်အတူ ပေါက်ဖွားသည့် ရှားပါးငါးဖြစ်သဖြင့် သဘာဝအတိုင်း စီးဆင်းသည့် ရေစနစ်ဖြင့်‌ မွေးမြူရပါကြောင်း၊ ထူးခြားသည့် လက္ခဏာများမှာ ပန်းရောင်ကိုယ်ထည်၊ အနီရောင်ဝမ်းဗိုက်၊ အမြီး၊ နူးညံ့သည့် အဖြူ ရောင်တို့ရှိကြောင်း၊ အကြေးခွံများတွင်ကော်လဂျင်ဓာတ်ရှိသဖြင့် အသားနှင့်အကြေးခွံများကိုပါ စားသုံးကြကြောင်း၊ ဈေးကွက်တန်ဖိုးမှာ ၁ ကီလိုဂရမ်လျှင် ဘတ် ၃,၀၀၀ မှ ၃,၅၀၀ ထိ ရှိပြီး အနည်းဆုံး ၂ နှစ်မှ ၃ နှစ်ထိ မွေးမြူပြီးမှသာ ရောင်းချနိုင်ကြောင်း၊  Betong tilapia ကို စန်ကလာခီရိ (San Kala Khiri) ရှိ တောင်တန်းဒေသတွင် အကျယ်တဝင့်မွေးမြူကြကြောင်း၊ ပုံမှန်ငါးကန်များထက် အောက်ဆီ ဂျင်မြင့်မားစွာရရှိပြီး ရေအဆက်မပြတ်စီးဆင်းသော ကန်များတွင် မွေးမြူရကြောင်း၊ ဦးခေါင်းသေး သေး၊ အသားထူထူ၊ အဖြူရောင်၊ ချိုသောအရသာနှင့် ရွှံ့နံ့ကင်းသော ထူးခြားသည့် သွင်ပြင်လက္ခဏာများရှိပြီး ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ဘတ် ၃၀၀ ဖြစ်ကြောင်း၊ ငါးအမျိုးအစား ၂ မျိုးလုံးသည် ယလာ ပြည်နယ်အတွက် ဝင်ငွေ ဘတ် ၄၄ သန်းကျော် ရရှိစေကြောင်း သိရှိရပါသည်။

  Soft Power ကို မြှင့်တင်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပဝင်ငွေရရှိခြင်းသည် ထိုင်းနိုင်ငံအစိုးရ၏ မူဝါဒ တစ်ရပ်ဖြစ်ပါသည်။ အစားအစာ၊ ယဉ်ကျေးမှုနှင့် အားကစားတို့သည် Soft Power များဖြစ်ပြီး GI ထုတ်ကုန်များသည်လည်း အပါအဝင်ဖြစ်ပါသည်။ GI ထုတ်ကုန်များကို တိုးမြှင့်မှတ်ပုံတင်ခြင်းဖြင့် ဒေသခံပြည်သူများ၏ ဝင်ငွေအခွင့်အလမ်းများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News